ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

 

ဂျာမနီအစိုးရရဲ့ အသုံးစရိတ် ဖြတ်တောက်မယ့် မူဝါဒတွေနဲ့ မဖြစ်မနေ စစ်မှုထမ်းစနစ် ပြန်စမယ့် အစီအစဉ်တွေကို စနေနေ့က ဂျာမနီတစ်ဝန်း ကျောင်းသားပေါင်း ၁ သိန်းကျော် လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

 

မြို့တော်ဘာလင်က နာမည်ကြီး Brandenburg Gate ရှေ့မှာ လူပေါင်း ထောင်နဲ့ချီ စုဝေးခဲ့ကြပြီး Gen Z Regelt လှုပ်ရှားမှုအဖွဲ့က ဆန္ဒပြပွဲတွေကို ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

ဆန္ဒပြသူတွေက “ဝန်ကြီးချုပ် ဖရက်ဒရစ်ချ်မာ့ဇ် ရာထူးက ထွက်ပေးပါ”၊ “အစိုးရရဲ့ အသုံးစရိတ် ချွေတာမှုက ငါတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတယ်” နဲ့ “စစ်ရေးဘတ်ဂျက်ထက် ပညာရေးမှာ ပိုမို ရင်းနှီးမြှုပ်နှံပါ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဘတ်ဂျက် ဖြတ်တောက်မှုကြောင့် ကျောင်းတွေမှာ ရန်ပုံငွေ မလုံလောက်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေ အားနည်းလာချိန်မှာ စစ်တပ် တိုးချဲ့ရေးကိုပဲ ဦးစားပေးနေတဲ့အပေါ် ကျောင်းသားတွေက မကျေမနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

 

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးက “ကျွန်မတို့ အနာဂတ်အတွက် ပညာရေးဆိုင်ရာ တရားမျှတမှုကို တောင်းဆိုချင်ပါတယ်။ စစ်ရေးဘတ်ဂျက်တွေကို တိုးမြှင့်ပြီး ပြည်သူတွေအတွက် လိုအပ်တဲ့ လူမှုရေးနဲ့ ပညာရေးဘတ်ဂျက် ဖြတ်တောက်တာကို လုံးဝ လက်မခံနိုင်ပါဘူး” လို့ ပြောပါတယ်။

 

ဆေးစစ်မှုတွေကို မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ စစ်မှုထမ်း ဥပဒေသစ်ဟာ အနာဂတ်မှာ ကလေးငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းခိုင်းဖို့ လမ်းခင်းပေးနေတာပဲလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

 

အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးက “နိုင်ငံရေးသမားတွေက ကျွန်မတို့ အသံကို မကြားဘူးလို့ ခံစားရလို့ လမ်းပေါ်ထွက်လာတာပါ။ လူငယ်တွေကို စစ်ပွဲတွေထဲ တွန်းပို့တာကို ဆန့်ကျင်ပြီး မဖြစ်မနေ စစ်မှုထမ်းခိုင်းတာဟာ ပြဿနာဖြေရှင်းနည်း မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

 

ဒီဆန္ဒပြပွဲဟာ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ အီတလီစတဲ့ ဥရောပနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသား ဆန္ဒပြပွဲတွေကို နမူနာယူပြီး လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

 

ဘာလင် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြပွဲအတွင်း ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ဖြစ်တာမျိုး မရှိဘဲ အေးချမ်းစွာနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ဂျာမနီနိုင်ငံရဲ့ အတိုက်အခံပါတီတွေဖြစ်တဲ့ ဂျာမန် ကင်းပါတီနဲ့ လက်ဝဲပါတီတို့က ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲအပေါ် ထောက်ခံကြောင်း ပြောဆိုထားကြပါတယ်။

 

News: Anadolu Agency
Ref; German students hold nationwide rallies against welfare cuts, conscription