ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာ ၁ ရက်

 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင် ကလေးငယ်များ စာသင်ကြားရာ စာသင် ကျောင်းတစ်ခုသို့ ရွေးတုအစိုးရစစ်တပ်က အောက်တိုဘာ ၃၁ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် သုံး ဦး သေဆုံးပြီး ခုနစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ဝမ်ငေါ့ စစ်ဘေးရှောင် စာသင်ကျောင်းကို Y-12 လေယာဉ်ဖြင့် ၈ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ရှိရှိဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ရွေးတုအစိုးရစစ်တပ်က သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိ ကျောင်းကို ဗုံးကြဲတာပါ။ ဂျက်ဖိုက်တာနဲ့ ၄ လုံး ကြဲတယ်၊ Y-12 နဲ့ ၈ ကြိမ်မက ကြဲတယ်ပေါ့နော်။ ကလေးငယ် ၃ ဦး သေဆုံးပြီး ၇ ဦး၊ ၈ ဦးနီးပါး ဒဏ်ရာရပါတယ်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး – ၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များမှာ အလယ်တန်း ကျောင်းသူ နှစ် ဦးနှင့် မူလတန်း ကျောင်းသား တစ် ဦးတို့ဖြစ်ပြီး ကလေးများ အာဟာရကျွေးမွေးနေချိန် စုဝေး ထမင်းစားနေစဉ် ဗုံးကြဲခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

“ကရင်နီဒေသ နေရာတစ်ခုမှာ အာဟာရကျွေးနေတဲ့အချိန် လေယာဉ်နဲ့ လာရောက်ဗုံးကြဲမှုကြောင့် ကလေး သူငယ်များ သေဆုံး၊ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကလေးတွေ ထမင်းစားနေကြတာပါ။ ဝမ်းဝဖို့ စုဝေးနေကြတာပါ။ အဲဒီအချိန်လေးမှာတောင် ဘေးကင်းခွင့် မရကြတော့ဘူး” ဟု Clean Yangon အဖွဲ့မှ ကိုဇေယျာထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

ကရင်နီဒေသတွင် ရွေးတုအစိုးရစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေသဖြင့် စစ်ဘေးရှောင် စာသင်ကျောင်းအချို့မှာ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ယာယီပိတ်ထားရမှုများ ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG ) က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်