ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

 

ပြည်တွင်း၌ SKD (Semi-Knocked Down-တစ်စိတ်တစ်ပိုင်း အဆင့်သင့် တပ်ဆင်ပြီးသား အစိတ် အပိုင်းများကို တင်သွင်းကာ ပြည်တွင်း၌ အချောသတ် တပ်ဆင်ထုတ်လုပ်ခြင်း) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသော EV (လျှပ်စစ်ကား) နှင့် ICE (လောင်စာဆီသုံးကား) များကို စက်ရုံထုတ် ဈေးထက် အဆ မတန် ဈေးတင်ရောင်းချနေသဖြင့် ဈေးပိုရောင်းပါက အရေးယူမည်ဖြစ် ကြောင်း ရွေးတု အစိုးရ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

 

အဆိုပါ လျှပ်စစ်ကားနှင့် လောင်စာဆီသုံး ကားထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ကားများကို ထိုက်သင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူသူများထံ ရောင်းချရမည်ဖြစ်ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချမှု များတွင် ပါဝင်ပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ အရေးယူမည်ဟု အဆိုပါဌာနက ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိ ပြည်တွင်း EV နှင့် ICE ကားဈေးကွက်ကို ရွေးတုသမ္မတ မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် အပါအဝင် မူဝါဒအခွင့်အရေးရ ခရိုနီများက ထိန်းချုပ်ထားပြီး စီးပွားရေးလုပ်စား နေကြကြောင်း ကားအရောင်း အဝယ် အသိုင်းအဝန်းထံမှ စုံစမ်းသိရသည်။

 

အဆိုပါ လျှပ်စစ်သုံးနှင့် ဆီသုံးကားများကို ကားထုတ်လုပ်ရေးစက်ရုံများ၊ အရောင်းကိုယ်စားလှယ်များ (Showrooms) နှင့် ဝယ်ယူသူများအချင်းချင်း ရောင်းချချိန်တွင် ဈေးနှုန်းများ အဆမတန် မြင့်တက် နေခြင်းဖြစ်သည်။

 

“စာကြိုထုတ်တယ်ဆိုတာ ပြင်ဆင်ဖို့ပေါ့။ Showroom တွေမှာ ကားမရှိဘူး။ အခုဈေးတွေက အမျိုးမျိုးပဲ showroom ဈေးတစ်မျိုး၊ ပွဲစားဈေးတစ်မျိုးနဲ့။ ပြည်တွင်းမှာ ကားလိုအပ်ချက် ရှိနေတော့ ဈေးကစားလို့ ကောင်းတာပေါ့။ ကားပေါ်လစီ မူဝါဒတွေက ပြည်သူအတွက်လား၊ စီးပွားရေးသမားတွေ အတွက်လားဆိုတာ မေးခွန်းထုတ်စရာပဲ” ဟု ကားအရောင်းအဝယ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရသည် ပြည်ပမှ ကားတင်သွင်းခွင့်ကို ပိတ်ပင်ထားသဖြင့် ကားလိုအပ်ချက် ကြီးမား နေချိန်တွင် ပြည်သူများမှာ ဈေးနှုန်း အဆမတန် ပေးဝယ်၍ အသုံးပြုနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“ဆီကားဆိုရင် အသစ်မရှိဘူး။ အရင်အဟောင်းတွေကို နည်းနည်း ပြန်ပြုပြင်ပြီး ရောင်းနေကြတာ။ ဒီက စက်ရုံထုတ် ဆီကားဆိုရင်လည်း ဝယ်မရဘူး။ ကားလိုအပ်ချက်က များတော့ ရှိတာပဲ လှည့်သုံး နေရတယ်။ ဂျပန်ဆီကား ကြိုက်တာပဲ များတယ်” ဟု ကားပွဲစားတစ်ဦးက ဆိုသည်။

 

လက်ရှိ စက်သုံးဆီကား ဈေးကွက်တွင် လူကြိုက်များသော Probox တစ်စီးလျှင် အနည်းဆုံး ကျပ်သိန်း ၈၀၀ မှ စတင်ရှိနေပြီး မော်ဒယ်နှင့် ကားအမျိုးအစားပေါ် မူတည်၍ ကျပ်သိန်းထောင်ကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။ ထို့ပြင် EV ကားတစ်စီးလျှင် အမျိုးအစားနှင့် မော်ဒယ်ပေါ် မူတည်၍ ကျပ်သိန်း ၁၃၀၀ မှ ၂၀၀၀ နီးပါးအထိ ရှိကြောင်း စုံစမ်းသိရသည်။

 

ပြည်တွင်း၌ လူကြိုက်များသော BYD နှင့် Leapmotor EV ကားများကို ပြည် တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေပြီး Leapmotor နှင့် MG EV ကားများကို မင်းအောင်လှိုင်၏ သမီး ခင်သီရိသက် မွန်နှင့် နိုင်ဖြိုးကျော်တို့၏ ကုမ္ပဏီများက တင်သွင်းရောင်းချနေခြင်းဖြစ်သည်။

 

လက်ရှိတွင် ရွေးတုအစိုးရထံမှ EV ကား တင်သွင်းခွင့်ရရှိထားသော ကုမ္ပဏီပေါင်း ၈၀ ကျော်ရှိပြီး Toyota, Honda, NETA, BYD, GAC, Leapmotor, Dongfeng Nammi စသည့် တရုတ်နိုင်ငံထုတ် ကားများ အဓိက နေရာယူထားသည်။ အဆိုပါ ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်တွင် တစ်နှစ်လျှင် အစီးရေ ၅၀၀ အထိ တင်သွင်းခွင့် ရရှိထားသော်လည်း ကုမ္ပဏီ ထက်ဝက်ခန့်သာ ယင်းအရေအတွက်အတိုင်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

ရွေးတုအစိုးရ၏ လက်ရှိ မော်တော်ယာဉ် မူဝါဒတွင် သက်တမ်း ၂၀ ရှိ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပြီး ကားပြန်လည် တင်သွင်းခွင့်ပြုရာ၌ လူစီးကားအတွက် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် မော်ဒယ်အမြင့်များကိုသာ တင်သွင်းခွင့် ပြုထားသည်။

 

အာဏာလု ရွေးတုအစိုးရသည် နိုင်ငံခြားငွေ ထိန်းချုပ်ထားသဖြင့် ပြည်ပမှ တင်သွင်းမည့် ကားများ အပါအဝင် ကုန်ပစ္စည်း လိုင်စင် အများအပြားကို ပိတ်ပင်ထားခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်