ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
စနေနေ့ ဆန္ဒပြပွဲတွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၇၀,၀၀၀ ဖြန့်ကြက်သွားမယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး လိုရန့်နူးနက်ဇ်က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာပါတယ်။
လုံခြုံရေး တပ်လှန့်မှုဟာ အောက်တိုဘာ ၂၄ ရက်က လုပ်ဆောင်ခဲ့တာနဲ့ ဆင်တူမှာဖြစ်ပြီး မြို့လယ်ခေါင်တွေမှာ ဆန္ဒပြတာတွေကို ပိုမိုကန့်သတ်သွားမယ်လို့ ပြင်သစ်ရုပ်သံ TF1 က ဖော်ပြပါတယ်။
ဆန္ဒပြပွဲတွေဟာ ညဉ့်နက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်လို့ စနေနေ့ဟာ ပြည်သူတွေကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် အလွန်ကြီးမားတဲ့ နေ့တစ်နေ့ ဖြစ်တယ်လို့ နူးနက်ဇ်က သတိပေးပါတယ်။

ည ၈ နာရီဝန်းကျင်မှာ စုဝေးကြဖို့ နှိုးဆော်ချက်အချို့မှာ တော်လှန်ရေး သို့မဟုတ် အုံကြွမှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားတာကြောင့် အကြမ်းဖက်မှုဆန်တယ်လို့ ၎င်းက ထောက်ပြပါတယ်။
ဒီလိုစုဝေးပွဲတွေကို ပိတ်ပင်သွားမှာဖြစ်ပြီး စုဝေးမှုတွေ ရှိလာပါက လူစုခွဲတာနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်သွားမယ်လို့ သူက ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေ ရှိခဲ့တာကြောင့် မြို့လယ်ခေါင်တွေမှာ ဆန္ဒပြတာကို တားမြစ်မိန့်တွေ ထုတ်ပြန်သွားမယ်လို့ ၎င်းက ပြောပါတယ်။
အာဏာပိုင်တွေက မြို့များအတွင်း ဝင်ရောက်သူတွေကို စစ်ဆေးမှုတွေ ပိုမိုတိုးမြှင့်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တပ်စွဲထားမှာပါ။
အကြမ်းဖက်မှု တစ်စုံတစ်ရာကိုမျှ လက်ခံမှာ မဟုတ်ဘူးလို့ နူးနက်ဇ်က ပြောပြီး ပြတ်ပြတ်သားသား အရေးယူဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဒေသန္တရ အာဏာပိုင်တွေ ခွင့်ပြုထားတဲ့ ဆန္ဒပြပွဲတွေကို လွတ်လပ်စွာ စုဝေးခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ရအောင် အကာအကွယ်ပေးသွားမယ်လို့ ၎င်းက ပြောပါတယ်။
News: Anadolu
Ref; France to deploy 70,000 police officers ahead of Saturday protests amid fears of violence