ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

လူထုတော်လှန်ရေးကြောင့် ရာထူးကနေဖြုတ်ချခံခဲ့ရတဲ့ အာဏာရှင်ဟောင်း မားကို့စ်ရဲ့သားဖြစ်သူ မာဒီ နန်မားကို့စ်ဂျူနီယာဟာ ဒီနေ့ မနီလာမြို့တော်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန် ဆိုလိုက်ပါတယ်။

ရိုးရာရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ အသက် ၆၄ နှစ်အရွယ် မားကို့စ်ဂျူနီယာက အသက် ၉၂ နှစ်အရွယ် မိခင် အီမယ်ဒါနဲ့ မိသားစုဝင်တွေရဲ့ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တာဖြစ်ပါတယ်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် မနီလာမြို့တော်တစ်ဝှန်းမှာ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော် ဖြန့်ကြက်ထားခဲ့တယ်လို့ သိရပါတယ်။
ပြည်ပက ဂုဏ်သရေရှိဧည့်သည်တော်တွေ၊ သံတမန်တွေနဲ့ ဖိလစ်ပိုင်သမ္မတဟောင်းသုံးဦးဖြစ်တဲ့ ဖီဒယ် ရာမို့စ်၊ ဂျိုးဆက်အက်စထရာဒါနဲ့ ဂလိုရီယာအာရိုယိုတို့လည်း သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။

မေလ ၉ ရက်ကပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၃၁ သန်းကျော် ဒါမှမဟုတ် ဆန္ဒမဲအားလုံး ရဲ့ ၅၈ ရာခိုင်နှုန်းနဲ့ မားကို့စ်ဂျူနီယာက အနိုင်ရရှိခဲ့တယ်လို့ ဖိလစ်ပိုင်ကွန်ဂရက်က မေလ ၂၅ ရက်မှာ ကြေညာခဲ့ ပါတယ်။

ဖိလစ်ပိုင်အစိုးရသစ်က အလုပ်လက်မဲ့မှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကြွေးမြီထူပြောမှုကဲ့သို့သော ပြဿနာများ အပြင် ဓာတ်ငွေ့နှင့်လောင်စာစျေးနှုန်းများ မြင့်တက်လာမှုကို ဖြေရှင်းပေးရန် လိုအပ်နေသည်။

“စီးပွားရေးကတော့ ဦးစားပေးလုပ်ငန်းဖြစ်ပါတယ်။ စီးပွားရေးကို ထိန်းကျောင်းမောင်းနှင်ဖို့ စီးပွားရေး အဖွဲ့ ဖွဲ့စည်းပါမယ်” လို့ ဒီလအစောပိုင်းမှာ မားကို့စ်ဂျူနီယာက ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့စီးပွားရေးက ဒီနှစ် ပထမသုံးလအတွင်း ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်အလိုက် ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ တိုးတက်မှုကိုထိန်းသိမ်းဖို့ ရည်မှန်းထားပါတယ်။

ဖိလစ်ပိုင်နဲ့တရုတ်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ဒီနှစ်အစောပိုင်းက မိန့် ခွန်းတစ်ခုအတွင်း မားကို့စ်ဂျူနီယာက ကတိပြုခဲ့ပါတယ်။

ကိုးကား – Xinhua
Ref; Marcos sworn in as Philippines’ 17th president