
မတူပီမြို့အဝင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို CDF-Matupiက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး
ဧရာဝတီတိုင်းမ်
(မတူပီ)၊ စက်တင်ဘာ ၂၀ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ မင်းတပ်-မတူပီလမ်း၊ မြို့အဝင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁၉ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင် CDF-Matupiက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupiက သတင်းထုတ်ပြန်ထားသည်။
“မတူပီမြို့၊ ကြိုဆိုပါ၏ မြို့အဝင်ဆိုင်းဘုတ်အနီးမှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖြတ်သွား/ဖြတ်လာပြုနေတဲ့ ပြည်သူလူထုတွေကို တင်းကြပ်စွာ စစ်ဆေးမှုတွေ ပြုလုပ်တယ်။ ရိုက်နှက်တာတွေ လုပ်တယ်။ ဆေးရုံသွားတဲ့ လူနာတွေကိုလည်း မြို့ထဲပေးမဝင်ခိုင်းဘူး။ သူတို့ကြောင့် ပြည်သူတွေ တော်တော်အခက်တွေ့နေကြတယ်။ ဒါကြောင့်
ကျွန်တော်တို့ CDF-Matupiက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”ဟု CDF-Matupiရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့ရှိ မြို့အဝင်/အထွက်များတွင် စစ်ကောင်စီတပ်က တပ်စခန်းအသီးသီးချထားပြီး ပြည်သူလူထုများကို ပိတ်ဆို့စစ်ဆေးမှုနှင့် အမျိုးမျိုးခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။
CDF-Matupiက တိုက်ခိုက်ခဲ့သော မင်းတပ်-မတူပီလမ်းရှိ စစ်ကောင်စီတပ်စခန်းတွင် အင်အား ၃၀ ခန့်ရှိကြောင်းသိရပြီး ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupiရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။
“အဲ့တပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ရှိတယ်၊ ကျွန်တော်တို့ တိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရရှိတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် စစ်ကူထပ်လာတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု CDF-Matupiရဲဘော်တစ်ဦးက
ဆက်လက်ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မတူပီမြို့တွင် အခြေစိုက်ထားသော ခလရ ၃၀၄ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားရာ လေမျိုချောင်းဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်ပစ်ခတ်ခြင်းများဆက်လက် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – CDF Matupi
#မတူပီမြို့အဝင် #စစ်ကောင်စီ #CDFMatupi #သေဆုံး
#Ayeyarwaddy_Times