ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ တီးတိန် – ကလေး လမ်းပိုင်းတွင် ရွေးတုအစိုးရတပ်သည် ဖြတ်သန်းသွားလာ ခရီးသွားပြည်သူများ၏ ဆိုင်ကယ်များကို အဓမ္မ ငှားရမ်းအသုံးပြုနေသည့်အတွက် အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါလမ်းပိုင်းတွင် တပ်စွဲထားသော ရွေးတုအစိုးရတပ်၏ ကနေဒီစခန်းအပါအဝင် တပ်စခန်းအချို့က ရေဆင်းခပ်ရန်အတွက် လမ်းပေါ်သွားလာနေသည့် ပြည်သူပိုင်ဆိုင်ကယ်များကို တားဆီးပြီး ဆိုင်ကယ်များ ငှားရမ်းခိုင်းနေခြင်းဖြစ်သည်။

“စခန်းအတွက် ရေဆင်းခက်ဖို့ ဆိုင်ကယ်ငှားခိုင်းတာပါ။ မပေးရင်လည်း မရဘူး။ သူတို့ဂိတ်မှာဆိုတော့ စစ်သားတွေက တစ်ခုခုရစ်ပြီး ပေးမဖြတ်မှာ စိုးရိမ်တဲ့အတွက် ငှားပေးလိုက်ရပါတယ်”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ ရွေးတုအစိုးရတပ်၏ ဆိုင်ကယ်ငှားရမ်းခိုင်းမှုကြောင့် ခရီးသွားပြည်သူများသည် ခရီးကြန့်ကြာမှုများအပြင် လမ်းခရီးအခြေအနေနှင့် ဆိုင်ကယ်ပျက်စီးဆုံးရှုံးမည့် အရေးအတွက်ပါ စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။

“ဆိုင်ကယ်ငှားရရင် ၁၅ မိနစ်၊ ၂၀ မိနစ်လောက် အချိန်ကုန်တယ်။ ပြီးတော့ ဒီလမ်းပိုင်းက လမ်းအနေအထားကလည်း မကောင်းဘူးလေ။ ဆိုင်ကယ်ပျက်စီးသွားမှာ၊ ဆီတွေ ကုန်ကျတာတွေအတွက်ပါ ကိုယ့်အိတ်စိုက်နဲ့ကိုယ် ဖြစ်ကုန်တာပေါ့” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရတပ်က ယခုနှစ် မေလက ဖလမ်းနှင့် တွန်းဇံမြို့အပါအဝင် တီးတိန် – ကလေး လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ပြီး အဆိုပါ လမ်းပိုင်းတလျှောက်တွင် ဂိတ်မျ