ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တောင်ဘက် တိုလီဒိုပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်က မြန်နှုန်းမြင့်ရထားနှစ်စင်း တိုက်မိခဲ့ရာ လူ ၆၈ ဦး သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဥရောပမှာ အဆိုးရွားဆုံး ရထားမတော်တဆမှုဖြစ်ပြီး၊ စပိန်မှာ ယခုနှစ် ဇန်နဝါရီလက လူ ၄၆ ဦး သေဆုံးခဲ့ရတဲ့ မြန်နှုန်းမြင့်ရထား မတော်တဆမှုအပြီး ဒုတိယအကြိမ်မြောက် ဝမ်းနည်းဖွယ် ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ကွန်ပျူတာ ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် ရှေ့မှရထား ရပ်တန့်နေစဉ် ထိန်းချုပ်ရေးစခန်းက ရထားကို ဆက်လက်မောင်းနှင်ဖို့ ညွှန်ကြားခဲ့တာကြောင့် နောက်မှမောင်းနှင်လာတဲ့ရထားက ဝင်တိုက်မိခဲ့တာလို့ ပို့ဆောင်ရေးဝန်ကြီး အော်စကာပူအန်တီက ပြောပါတယ်။
ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ဖြစ်စဉ်အတွက် ဝမ်းနည်းပူဆွေးရကြောင်း၊ ဘေးကင်းလုံခြုံရေးစနစ် ပျက်ကွက်မှုတွေကို စုံစမ်းစစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ကတိပြုပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ Iryo ရထားပေါ်မှာ ခရီးသည် ၁၄၇ ဦးနဲ့ Renfe ရထားပေါ်မှာ ခရီးသည် ၃၉၇ ဦး လိုက်ပါလာခဲ့ပြီး ရထားတွဲအချို့ လမ်းချော်ကာ ချောက်အတွင်း ပြုတ်ကျခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ တိုလီဒိုဒေသသို့ လူနာတင်ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပြီး ရထားတွဲတွေအတွင်း ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ရှာဖွေရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။
ဒဏ်ရာရရှိသူ ၈၀ အနက် ၁၅ ဦးမှာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး လွတ်မြောက်လာသူ ခရီးသည်တွေရဲ့ ပြောကြားချက်အရ ရထားအတွင်း မှန်များကို ရိုက်ခွဲကာ ရုန်းထွက်ခဲ့ကြရသလို အချို့မှာ ထိုင်ခုံတွေကြား ပိတ်မိနေခဲ့ပါတယ်။
မတော်တဆမှုကြောင့် မက်ဒရစ်နဲ့ အန်ဒါလူစီယာကြား မြန်နှုန်းမြင့်ရထား လက်မှတ်ရောင်းချမှုများကို ဒီဇင်ဘာ ၁၃ ရက်အထိ ဆိုင်းငံ့လိုက်ကြောင်း ရထားလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။
စပိန်နိုင်ငံရဲ့ ရထားလမ်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး ဘတ်ဂျက်အများစုကို လမ်းပိုင်းသစ်များ တည်ဆောက်ရေးမှာသာ သုံးစွဲခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးအတွက် ၁၆ ရာခိုင်နှုန်းခန့်သာ အသုံးပြုလို့ အခုလို မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားရခြင်း ဟုတ် မဟုတ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
News: Reuters
Ref; At least 68 people dead in Spain’s second major train crash this year