ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

မြန်မာနိုင်ငံရဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းရာမှာ မလေးရှားအစိုးရရဲ့ ချဉ်းကပ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရပေမယ့် သံတမန်ရေးအရ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းကိုသာ ရွေးချယ်ထားတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

နှစ်ပေါင်းများစွာ ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ထိရောက်မှု မရှိခဲ့တာကြောင့် ဒီလို သံတမန်ရေးအရ ချဉ်းကပ်ဆောင်ရွက်မှုကို ရွေးချယ်ခဲ့တာလို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပြစ်တင်ရှုတ်ချခဲ့ပေမယ့် မူဝါဒပိုင်းဆိုင်ရာ ထင်ရှားတဲ့ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိခဲ့တာကြောင့် အခုလို ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်တာလို့ အန်ဝါက ရှင်းပြပါတယ်။

“မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့တုန်းက ရည်ရွယ်ချက်က ဘာလဲ။ တွေ့ဆုံခဲ့တဲ့ နှစ်ကြိမ်လုံးမှာ သဘောထားတွေကို လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်” ၎င်းက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ နှစ်ပေါင်း ၂၀ သို့မဟုတ် ၃၀ လောက် ဝေဖန်ခဲ့ကြပေမဲ့ ဘာမှ ထိရောက်မှုမရှိခဲ့သလို မူဝါဒ ပြောင်းလဲမှုလည်း မရှိခဲ့ပါဘူး” လို့ သူက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေကြပြီး မလေးရှားနိုင်ငံသို့ ဒုက္ခသည် ၂ သိန်းနီးပါး ထွက်ပြေးလာခဲ့ပါတယ်။

ဒုက္ခသည်တွေ ဝင်ရောက်လာမှုဟာ မလေးရှားနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရသလို ပြည်သူတွေကလည်း အခြေအနေအပေါ် စိတ်ပျက်မှုတွေ ရှိလာပါတယ်။

ပူထရာဂျာယာရှိ Seri Perdana အဆောက်အအုံမှာ ပြုလုပ်တဲ့ ‘Majlis Ilmu Madani’ အစီအစဉ်မှာ အန်ဝါက မြန်မာဒုက္ခသည်များဆိုင်ရာ မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ မူလနိုင်ငံသို့ ပြန်ပို့နိုင်ရေး ကြိုးပမ်းမှုတွေကို အခုလို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

News & Photo: Bernama
Ref; Anwar: Dialogue with Myanmar offers best hope for Rohingya solution