ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ပဲခူးတိုင်းအတွင်းရှိ ပေါက်ခေါင်း၊ ဖြူးနှင့် ကျောက်ကြီးမြို့နယ်များတွင် ရွေးတုအစိုးရစစ်တပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၆၊ ၂၇ ရက် နှစ်ရက်တာကာလတွင် လေကြောင်းတိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ရာဒေသခံ နှစ် ဦး သေဆုံးကာ သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၊ အင်းမ ၆၆ တပ်မှ တက်လာသည့် ပါရာမော်တာ နှစ် စီးသည် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့က ပေါက်ခေါင်းမြို့နယ်၊ ကောင်းစည်ရွာသို့ ဗုံးသီး ခုနစ် လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး နှင့် အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖြူးမြို့နယ်တွင်လည်း အဆိုပါနေ့တွင်ပင် စမ်းမြောင်းကျေးရွာသို့ စစ်တပ်မှ ဒရုန်းဖြင့်ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“နယ်မြေတွေ ပြန်စိုးမိုးရယူချင်တဲ့သဘောပါ။ မရနိုင်တဲ့နေရာထဲကရွာတွေကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်သတ်ဖြတ် ဖျက်ဆီးနေတဲ့လုပ်ရပ်တွေပါ။ နောက်တချက်က ပြည်သူနဲ့တော်လှန်ရေးအဖွဲ့ တွေကို သွေးခွဲသတ်ဖြတ်မှုတစ်ခုပေါ့” ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အလားတူ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ငါးမျက်အင်းကျေးရွာသို့ စစ်တပ်က ဒရုန်းဖြင့်ဗုံးသီး လေး လုံး ကြဲချခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ညောင်ကုန်းကျေးရွာ မှာလည်း ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရသည်။
ပဲခူးတိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ညောင်လေးပင်၊ ပိန်းဇလုပ်၊ ဖြူး၊ သဲကုန်း၊ ပြည် စသည့်မြို့နယ်များကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို တစ်နေကုန် ပြုလုပ်ခဲ့ရာ ဒေသခံ လေး ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့