
စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့် DMO – Local PDF မှ ၁၈ နှစ်အရွယ် ဆေးမှူးရဲမေ မဇယ်ရာမီးနာ ကျဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ၂၀ ရက်
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့သော အသက် ၁၈ နှစ်အရွယ် ရဲမေ မဇယ်ရာမီးနာသည် စက်တင်ဘာလ(၁၈)နေ့ ညနေ(၄)နာရီအချိန်တွင် ကျဆုံးသွားကြောင်း DMO – Local PDF က သတင်းထုတ်ပြန်ထားသည်။
ကျဆုံးရဲမေ မဇယ်ရာမီးနာမှာ ဆောင်ဒူရွာသစ်ကျေးရွာတွင် ရှေ့တန်းသို့ ဆေးကုရန် ဦးလေးဖြစ်သူနှင့်သွားပြီး ပြန်လာစဉ် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ထောင်ထားသော မိုင်းနင်းမိ၍ ကျဆုံးခဲ့ပြီး ၎င်း၏ ဦးလေဖြစ်သူ ဦးပေါလူခွန်း အသက်(၅၀)နှစ်သည် ဘယ်လက်နှင့် ဘယ်ခြေထောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရသော ရဲမေ မဇယ်ရာမီးနာ၏ စျာပနအခမ်းအနားကို စက်တင်ဘာ(၁၈)ရက်နေ့မှ(၂၀) ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့(၂၀)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ကက်သလစ်ခရစ်ယာန်ထုံးတမ်းအစဉ်အလာနှင့်အညီ ဂူသွင်းသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရသော ရဲမေ မဇယ်ရာမီးနာသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)မှ ဖက်ဒရယ်သူရဲကောင်းအဖြစ်မှတ်တမ်းတင် ဂုဏ်ပြု သွားမည်ဖြစ်ပြီး ကျန်ရစ်သော မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ရေးသားထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ – DMO Local PDF
#စစ်ကောင်စီ #မြေမြုပ်မိုင်း #DMOLocalPDF #ဆေးမှူး #ကျဆုံး
#Ayeyarwaddy_Times