မိုးဗြဲတိုက်ပွဲအတွင်း ​အပြစ်မဲ့ပြည်သူ ၁၀၀ခန့် အား စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်း​ဆီးအသုံးပြုနေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

ယနေ့ အစောပိုင်းက စတင်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူလူထု(၁၀၀)ဦးခန့်အား လက်ရှိအချိန်အထိ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိကြောင်း မိုးဗြဲ PDF မှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက ယနေ့ မနက် ၁နာရီ ဝန်းကျင်အချိန်မှစ၍ လက်နက်ကြီး ပစ်ကူ အမြောက်အများဖြင့် မိုးဗြဲမြို့ နေရာ အတော်များများကို ထိန်းချုပ်ထားပြီး မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် 1107 တပ်ရင်း ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များက ပူးပေါင်ခုခံတိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

တာဝေးပစ်လက်နက်ကြီးများ နှင့် တင့်ကားများဖြင့် အဆမတန်လွန်စွာပစ်ကူမှုများကြောင့် ပူးပေါင်းအဖွဲ့မှ စိုးရိမ်ရဒဏ်ရာ (၁) ဦး ရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် (၂) ဦးမှာ ကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF ၏ သတင်းထုတ်ပြန်ထားသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိနေပါသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ပေးကြပါရန်နှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် မိုးဗြဲလမ်းကိုအသုံမပြုကြသေးပါရန် အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MBPDF

#Ayeyarwaddy_Times