
စစ်ကောင်စီဘက်က အင်အားသုံးတိုက်ခိုက်နေသည့် မိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေ PDF ၂ ဦး ကျဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သည် ယနေ့ မနက် ၁နာရီ ဝန်းကျင်အချိန်မှစ၍ လက်နက်ကြီး ပစ်ကူ အမြောက်အများဖြင့် မိုးဗြဲမြို့ နေရာ အတော်များများကို ထိန်းချုပ်လိုက်ကြောင်း နယ်မြေခံ သတင်းရင်းအမြစ်များထံမှ သိရသည်။
လက်နက်အင်အား မမျှသော်လည်း ပြန်လည် ခုခံရန်ပြင်ဆင်ထားသော ဒေသတွင်းကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား ယနေ့မနက်အစောပိုင်းမှစ၍ တိုက်ပွဲများ တနေ့ကုန်ပြင်းထန်ခဲ့ကြောင်း သိရသည်။
“ပြည်တွင်း၊ ပြည်ပက ထောက်ပို့အဖွဲ့အစည်းများအနေနဲ့ မိုးဗြဲမြို့ကို အထူးအာရုံစိုက်သင့်နေပါပြီ။ မြေပြင်မဗာ စွန့်စွန့်စားစားတိုက်ပွဲဝင်နေတဲ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထောက်ပံ့ကူညီငွေများ မှန်မှန်ကန်ကန်နှင့် ထိထိရောက်ရောက် စီးဆင်းသင့်ပါတယ်” ဟု PDF အဖွဲ့များအား ထောက်ပို့ကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ညနေပိုင်း အချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ အထိနာနေပြီး ကာကွယ်ရေးတပ်များဘက်မှလည်း ရဲဘော်(၂)ဦး တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏အမြှောက်တပ်များစွာ ဝန်းရံထားသော မိုးဗြဲမြို့သည် စစ်ကောင်စီတပ်၏ မြေပြင်၊ ဝေဟင် ထိုးစစ်ကို အလူးအလဲခံနေရကာ ကာကွယ်ရေးတပ်များဘက်မှလည်း ညီညီညွတ်ညွတ် ပူးပေါင်း ခုခံနေကြကြောင်း သိရသည်။
ဓာတ်ပုံ – PDF ရဲဘော်တဦး ဆေးကုသနေစဉ်။
#မိုးဗြဲ #စစ်ကောင်စီ #တိုက်ပွဲ
#Ayeyarwaddy_Times