ရေးမြို့နယ် ခလရ (၁၀၆) တပ်ရင်းရှိ တပ်ရင်းမှူးနေအိမ် နှင့် အရာရှိရိပ်သာ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ဧရာဝတီတိုင်းမ်

(ရေး)၊ စက်တင်ဘာလ ၁၉ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ မုပ္ပလင်ရွာအခြေစိုက် နယ်မြေခံတပ်ရင်း ခလရ(၁၀၆)တပ်ရင်းရှိ တပ်ရင်းမှူးနေအိမ်နှင့် အရာရှိရိပ်သာအား ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင် Ye Guerrilla Force အဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးပျောက်ကြားတပ်ဖွဲ့ (YGF) ဗိုလ်ကျန်ရစ်မှ ဦးဆောင်ကာ ခလရ (၁၀၆) တပ်ရင်းခြံစည်းရိုးဘေးမှနေ၍ တပ်ရင်းမှူးနေအိမ်နှင့်အရာရှိရိပ်သာအား M79 40mm ဖြင့် ၂ ချက်ခန့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ၅ ချက်ခန့် ပြန်လည်ပစ်ခတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ကျွန်တော်တို့အဖွဲ့က အကွာအဝေးကိုသေချာချိန်ပြီးမှပစ်တာ။ အဲ့တော့အထိအခိုက်ကတော့ရှိမှာဘဲ၊ ပစ်ပြီးပြီးချင်း အားချင်းပြန်ဆုတ်ရတာဆိုတော့ ထိခိုက်မှုကိုမကြည့်နိုင်ခဲ့ဘူး။ လက်နက်ကြီးကလည်း ကျွန်တော်တို့ပြန်ဆုတ်ပြီးမှ ရမ်းပစ်တာ။ ပြည်သူတွေထိတယ်လို့တော့ မကြားသေးဘူး” ဟု YGF တာဝန်ရှိသူတဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု မြေပြင်သတင်းများအရ သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

YGF အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်နေ့တွင်က ရေးမြို့နယ်တပ်ရင်း ၄ ခုကြားရှိ မိုင်တဲတာဝါတိုင်အားဖောက်ခွဲခဲ့ပြီး နယ်မြေရှင်းလင်းရေးနှင့်ဒေသစိုးမိုးရေးအတွက်ရည်ရွယ်ကာ ရေးမြို့နယ် အာရှလမ်းမကြီးပေါ်၌ စစ်ဆေးမှုများပြုလုပ်ခဲ့‌ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရုပ်သံ – Ye Guerrilla Force

#ရေး #ခလရ(၁၀၆) #တပ်ရင်းမှူး #နေအိမ် #အရာရှိရိပ်သာ #၄၀မမ

#Ayeyarwaddy_Times