
မိုးတားတိုက်နယ်မှာ ရေနစ်သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေ နေ့စဥ်ခြောက်လှန့်နေတာကြောင့် ပရိတ်ရွတ်ဖတ်နှင်ထုတ်နေရ
ကိုကိုလေး/ဧရာဝတီတ်ိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်း ကမ်းပါးပြိုကျရေနစ်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများဟာ နေ့စဥ်ခြောက်လှန့်မှုများရှိနေတာကြောင့် သံဃာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ပြီး နှင်ထုတ်နေရတယ် လို့ ဒေသခံများ၏ပြောဆိုချက်များအရသိရပါတယ်။
ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များအကြား စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ကို တိုက်နယ်အတွင်းက ကျွန်းစိုက်ခင်းတစ်ခုမှာ ကျင်းတူးကာ စုပေါင်းမြုပ်နှံခဲ့တယ် လို့ ဒေသခံများကပြောပါတယိ။
”အဲ့ဒီတိုက်ပွဲတွေထဲမှာသေတာရော။ ကမ်းပါးပြိုပြီး ရေနစ်သေတဲ့စစ်သားတွေရောကို စုပြီး အနားကကျွန်းစိုက်ခင်းကြီးထဲမှာ ငါးတောင်လောက်အကျယ်ကျင်းတူးပြီး စုပြုံမြုပ်သွားတာ။အဲ့ဒီနားမှာ အိမ်တွေလည်းရှိတယ်။ ညတိုင်း ခြောက်လှန်နေတော့ နေရတာကြောက်လာပြီး မနေရဲတော့ဘူး။ ဒါကြောင့် ဆရာတော်သံဃာတော်တွေပင့်ပီး ပရိတ်တွေရွတ်ဖတ်ပြီး
နှင်ထုတ်နေရတာ” လို့ မိုးတားတိုက်နယ်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မိုးတားတိုက်နယ်ဘက်ကို ကမ်းပါးအတိုင်း စစ်ကြောင်းထိုးလာသည့် အဆိုပါ စစ်ကောင်စီတပ်ဟာ RPG လက် နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ကျည်ကျရောက်ပေါက်ကွဲသည့် အရှိန်ကြောင့် ကမ်းပါးပြိုကျကာ စစ်ကောင်စီတပ်သားများ ဧရာဝတီမြစ်အတွင်း အစုလိုက်ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ယင်းတိုက်ပွဲမှာ စက်တင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ တိုက်ပွဲ ၅ ရက်တာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးများမှာ၂၀ ဥ်ီးထက်မနည်း သေဆုံးခဲ့တယ်လို့ မိုးတားတိုက်နယ် PDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
၅ ရက်တာတိုက်ပွဲတွင် ကသာမြို့နယ် မိုးတားတိုက်နယ် ဗိုလ်သာလိကာ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပြီး သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သားအများစုမှာ
ညောင်းဦးမြို့ အခြေစိုက် ခမရ ၄၁၅ စစ်ကောင်စီ တပ်သားများဖြစ်တယ်လို့ သိရပါတယ်။
#မိုးတား #ရေနစ်သေဆုံး #စစ်ကောင်စီ #ခြောက်လှန့် #ပရိတ်ရွတ်
#Ayeyarwaddy_Times