ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရှေ့တန်းစစ် မျက်နှာပြင်တွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်ဆိုကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် စစ်မြေပြင်၌ ဒုတပ်ကြပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သော စစ်မှုထမ်း စောသာဝါးသည် အဆိုပါ ရာထူးတိုးမြှင့်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၂ တပ်ရင်းမှဖြစ်သော စောသာဝါး ကျဆုံးသွားသည့်သတင်းကို ဇနီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ် သည်။
ပုဏ္ဏားကျွန်းဒေသ ရှေ့တန်းစစ်စခန်းတစ်နေရာ၌ ပြည်သူ့စစ်နှစ်ဦး ကတုတ်ကျင်းအတွင်းမှ ထွက်ခွာကာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို လိုက် လံပစ်ခတ်နေသည့် ဗီဒီယိုဖိုင်ကို စစ်တပ်ထောက်ခံသူများနှင့် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ရုပ်သံပါ စစ်မှုထမ်း စောသာဝါးကို ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဒုတပ်ကြပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ရာထူးအဆင့်မြှင့်ခံရပြီး ၁၀ ရက်ခန့်အကြာ စက်တင်ဘာ ၂၃ ရက်နေ့တွင် ရခိုင်စစ်မြေပြင် တိုက်ပွဲအတွင်း၌ပင် စောသာဝါး ကျဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် ဒေသများတွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် လက်နက်ခဲယမ်း၊ စစ်သုံ့ပန်း သိမ်းဆည်းရမိမှု အခြေ အနေများကို AA ဘက်က ထုတ်ပြန်ထားသည်။
#အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #စောသာဝါး #ရခိုင် #စစ်မြေပြင် #ဒုတပ်ကြပ် #ရာထူးတိုး #စစ်မှုထမ်းသေဆုံး