ဆောင်းပါးရှင်-မောင်ဖြူဖွေး
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၁၄ ရက်)

တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးလာခြင်း၊ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာခြင်းနှင့် လူမှုစီးပွား မညီမျှမှုများ ကြီးထွားလာခြင်းစသည့် အကျပ်အတည်းများကို ရင်ဆိုင်နေရသော တရုတ် Gen Z လူငယ် များသည် မော်စီတုန်း၏ အတွေးအခေါ်များဆီသို့ ပြန်လည်ဦးလှည့်ကာ အဖြေရှာလာကြကြောင်း ပီကင်း(ဘေဂျင်း)မှ လာသော သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် သမ္မတ ရှီကျင့်ဖျင်၏ အုပ်ချုပ်ရေးစနစ်အတွက်လည်း အလေးအနက် စဉ်းစားစရာ အချက် ပေးသံတစ်ခု ဖြစ်လာခဲ့သည်။

တရုတ်တော်လှန်ရေးခေါင်းဆောင်ကြီး မော်စီတုန်း ကွယ်လွန်ပြီးနောက်ပိုင်း ၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေး လှုပ်ရှားမှုအချို့၊ အထူးသဖြင့် ‘အရင်းရှင်ဝါဒ လမ်းစဉ်လိုက်သူများ’ ကို ရှင်းလင်းရေး ဟုဆိုကာ လူပေါင်းများစွာ သေဆုံးခဲ့ရပြီး တရုတ်စီးပွားရေးကို ကယောင်ကတမ်းဖြစ်စေခဲ့သည့် “ယဉ်ကျေးမှုတော်လှန်ရေး” အပေါ် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။ နောက်ပိုင်းတွင် မော်စီတုန်း၏ ပေးဆပ်ဆောင်ရွက်ချက်များကို “၇၀ ရာခိုင်နှုန်း မှန်ကန်၍ ၃၀ ရာခိုင်နှုန်း မှားယွင်းခဲ့သည်” ဟု အကဲဖြတ်ခဲ့ကြသည်။

သို့သော်လည်း လက်ရှိတွင် အထူးသဖြင့် ကျောင်းသားများနှင့် လူငယ်ထုအကြား အပြောင်းအလဲများ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ နှစ်စဉ် ဆယ်ဂဏန်းအထိ တိုးတက်ခဲ့သော စီးပွားရေး အရှိန်အဟုန် ကျဆင်းလာခြင်း၊ Gen Z လူငယ် ၆၂ ရာခိုင်နှုန်းခန့်က အလုပ်အကိုင် ခိုင်မြဲရေးအတွက် ပူပန်နေရခြင်း တို့ကြောင့် မော်စီတုန်း၏ ဟောပြောချက်များနှင့် စာပေများသည် လူငယ်များအကြား တစ်ကျော့ပြန် ခေတ်စားလာခဲ့သည်။

ပီကင်းရှိ ဆင်းဟွာတက္ကသိုလ်၏ လွန်ခဲ့သည့်နှစ် စာကြည့်တိုက် စာအုပ်ငှားရမ်းမှု စာရင်းတွင် “မော်စီတုန်း၏ ရွေးချယ်ထားသော စာပေများ” (Selected Works of Mao Zedong) က ထိပ်ဆုံးမှ ရပ်တည်ခဲ့သလို Taobao အွန်လိုင်းစျေးကွက်တွင် မော်စီတုန်းပုံပါ ကြွေခွက်ပေါင်း ၂၀,၀၀၀ ကျော် ရောင်းချခဲ့ရသည်။

ထို့အပြင် လူငယ်များသည် မော်စီတုန်း၏ စာပေများကို လေ့လာသည့် အွန်လိုင်းစာဖတ်ဝိုင်းများ ဖွဲ့စည်းလာကြပြီး AI နည်းပညာသုံး ဗီဒီယိုများနှင့် ဆိုရှယ်မီဒီယာ ပို့စ်များမှတစ်ဆင့် မော်စီတုန်းခေတ်ကို တိုက်ရိုက် မကြုံတွေ့ဖူးသော မျိုးဆက်သစ်များထံ မော်စီတုန်း၏ မိန့်ခွန်းများကို မိတ်ဆက်ပေး နေကြသည်။ အွန်လိုင်းပေါ်ရှိထင်ပေါ်ကျော်ကြားသူများကလည်း မော်စီတုန်း၏ ရေးသားချက်များကို လုပ်ငန်းခွင်နှင့် နေ့စဉ်ဘဝ အခက်အခဲများကို ကျော်လွှားရန် လက်တွေ့ကျသည့် လမ်းညွှန်ချက်များ အဖြစ် တင်ဆက်နေပြီး အားပေးသူ အများအပြား ရရှိနေကြသည်။

စီးပွားရေး နှေးကွေးမှုနှင့်အတူ တရုတ်နိုင်ငံ၏ ချမ်းသာဆင်းရဲ ကွာဟမှုမှာလည်း ကြီးထွားလာနေသည်။ စတန်းဖိုဒ့်တက္ကသိုလ် (Stanford University) ၏ လေ့လာမှုအရ တရုတ်နိုင်ငံ၏ အောက်ခြေပြည်သူ ၅၀ ရာခိုင်နှုန်း (လူဦးရေ၏ ထက်ဝက်)ခန့်မှာ တစ်နိုင်ငံလုံး ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းခန့်နှင့်သာ ရုန်းကန် နေရချိန်တွင် အထက်တန်းလွှာ ၁၀ ရာခိုင်နှုန်းက နိုင်ငံပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းကို စုပြုံပိုင်ဆိုင် ထားခြင်းက တရုတ်နိုင်ငံ၏ စီးပွားရေးတွင် ကဏ္ဍနှစ်ရပ် အပြိုင်ဖြစ်နေမှုကို ပြသနေသည်။

အဆိုပါ ပမာဏမှာ အမေရိကန်၏ ကွာဟမှု (၁၂ ရာခိုင်နှုန်းနှင့် ၇၂ ရာခိုင်နှုန်း) ထက် အနည်းငယ်မျှသာ နိမ့်ကျပြီး ပြင်သစ် (၂၂ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း) ထက် ပိုမိုမြင့်မားနေသည်။

လူမှုစီးပွား ညီမျှမှုကို တိုင်းတာသည့် Gini Coefficient စကေးအရ (၀ သည် လုံးဝညီမျှပြီး ၁ သည် လုံးဝမညီမျှပါ) တရုတ်နိုင်ငံ၏ ၀.၄ အဆင့်သည် လူမှုစီးပွား ကွာဟမှု လွန်စွာကြီးမားသည့် အခြေ အနေကို ဖော်ပြနေသည်။ ဂျာမနီ၊ ကနေဒါနှင့် ဂျပန်တို့တွင် ၀.၃ ဝန်းကျင်သာ ရှိပြီး အမေရိကန်ပင်လျှင် တရုတ်ထက် နိမ့်ကျသော အဆင့်တွင် ရှိသည်။

တရုတ်နိုင်ငံသည် ကွန်မြူနစ်/ဆိုရှယ်လစ် စနစ်ကို အခြေခံပြီး “ဘုံချမ်းသာကြွယ်ဝရေး”ကို ဦးတည် သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ဝ.၄၆ ကျော်အထိ ရှိနေခြင်းကြောင့် ဓနရှင်စနစ်ကို ကျင့်သုံးသည့် ဂျာမနီ၊ ဂျပန်တို့ထက် ချမ်းသာဆင်းရဲ ကွာဟမှု သိသိသာသာ ပိုမိုဆိုးရွားနေသည်ကို အဆိုပါ ကိန်းဂဏန်းများက သက်သေပြနေသည်။

အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား မြို့ပြ အလုပ်လက်မဲ့နှုန်းမှာ စံချိန်တင် ၂၁.၃ ရာခိုင်နှုန်းအထိ မြင့်တက် လာခြင်းနှင့် တရုတ်လူလတ်တန်းစားများ အဓိက ရင်းနှီးမြှုပ်နှံထားသည့် အိမ်ခြံမြေစျေးကွက် ကျဆင်းလာခြင်းတို့ကြောင့် တရုတ်လူငယ်များသည် ၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်ပူပန် နေကြသည်။ ထို့ကြောင့် မော်စီတုန်း၏ လူတန်းစားတိုက်ပွဲ သီအိုရီသည်သာ ကျယ်ပြန့်လာသော ချမ်းသာဆင်းရဲ ကွာဟမှုကို ကျဉ်းမြောင်းစေနိုင်မည်ဟု ယူဆနေကြသည်။

အဆိုပါ အခြေအနေသည် ရှီကျင့်ဖျင်၏ ဗဟိုမှ အထက်စီးကွပ်ကဲသည့် အုပ်ချုပ်ရေးစနစ်နှင့် အာဏာစက် စုစည်းမှုကို မော်စီတုန်း၏ “လူထုလှုပ်ရှားမှုမှတစ်ဆင့် ပါတီနှင့် အစိုးရ ထိပ်ပိုင်းအလွှာကို ရှင်းလင်းရေး တော်လှန်ရေး” အယူအဆဖြင့် ပြန်လည်စိစစ် မေးခွန်းထုတ်လာနိုင်သည့် အလားအလာကို ပေါ်ပေါက်စေခဲ့သည်။

မော်စီတုန်း ကွယ်လွန်ခဲ့သည့် ၁၉၇၆ ခုနှစ်မှစ၍ လွန်ခဲ့သော နှစ် ၅၀ အတောအတွင်း တရုတ်နိုင်ငံ၌ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ မော်စီတုန်းအလွန် ဆက်ခံသူ တိန့်ရှောင်ဖိန်၏ စျေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအောက်တွင် တရုတ်နိုင်ငံသည် အစွန်းရောက်ကွန်မြူနစ်စနစ်မှ ခွဲထွက်ခဲ့ပြီး ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံခဲ့သည်။ ထို့အပြင် သမ္မတသက်တမ်းကို ၂ ကြိမ် (၁၀ နှစ်) သာ ကန့်သတ်ခြင်းဖြင့် ကွန်မြူနစ်အုပ်ချုပ်ရေးစနစ်အတွင်း ဒီမိုကရေစီဆန်သော ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။

တစ်နည်းအားဖြင့် ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံကို မော်စီတုန်းခေတ်သို့ ပြန် လည် ခေါ်ဆောင်လာခဲ့သည်။ နိုင်ငံတော်ထိန်းချုပ်မှုများ မြင့်တက်လာနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံတွင် ပိုမိုခက်ခဲလာနေသည်ကို ကြုံတွေ့နေရသည်။ သမ္မတ နှစ်ကြိမ် သက်တမ်းကို ဖျက်သိမ်းလိုက် ပြီဖြစ်ပြီး သမ္မတရှီကိုယ်တိုင်ကလည်း ၎င်း၏တတိယသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး စတုတ္ထ သက်တမ်း အတွက် ရည်မှန်းထားသည်။

သို့သော်လည်း ရှီကျင့်ဖျင်၏ အုပ်ချုပ်မှုမှာ မော်စီတုန်းခေတ်နှင့် တိုက်ရိုက်ပုံတူကူးရန်မူ မဖြစ်နိုင်ပေ။ တရုတ်နိုင်ငံသည် မော်စီတုန်းခေတ်က ကွန်မြူနစ် လူမှုဖူလုံရေးစနစ်ဆီသို့ ပြန်သွားနိုင်ခြင်းမရှိသေးပါ။ ယနေ့ခေတ် တရုတ်နိုင်ငံတွင် ခိုင်မာသောပုဂ္ဂလိကကဏ္ဍသည် ပိုင်ဆိုင်မှုပုံစံအမျိုးမျိုးဖြင့် နိုင်ငံတော် အရင်းရှင်စနစ်နှင့်အတူ တွဲဖက်တည်ရှိနေပါသည်။ မော်စီတုန်း၏ မိမိကိုယ်ကို အားကိုးသည့် သီးခြားစီး ပွားရေးအယူအဆမှာလည်း ယနေ့ခေတ်တွင် လက်တွေ့မကျတော့ဘဲ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ကွင်းဆက်များမှ ခွဲထွက်၍ မရနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် ရှီကျင့်ဖျင်သည် သမ္မတ၊ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌဟူသော အမြင့်ဆုံး ရာထူးသုံးခုကို ရယူကာ ဗဟိုမှ အထက်စီးကွပ်ကဲသည့် စနစ်ကို ကျင့်သုံးနေခြင်းမှာ မော်စီတုန်း၏ “ယဉ်ကျေးမှုတော်လှန်ရေး” ပါ အာဏာကို လူထုထံ လွှဲအပ်သည့် အယူအဆနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ မော်စီတုန်းသည် ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင် ဖြစ်ခဲ့သည့်အတွက် လူထုထံ အာဏာလွှဲအပ်ရဲသည့် သြဇာမျိုးရှိခဲ့သော်လည်း ရှီကျင့်ဖျင်တွင်မူ ထိုသို့သော သြဇာသတ္တိမျိုး မရှိပေ။

ရှီကျင့်ဖျင်သည် အဖွဲ့အစည်းများနှင့် ပါတီစနစ်ကို ခိုင်မာအောင် လုပ်ဆောင်ခြင်းဖြင့် အာဏာကို ဆုပ်ကိုင်ထားပြီး စနစ်တစ်ခုလုံး ပြိုလဲသွားမည်ကို မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ ရှီကျင့်ဖျင်သည် တိန့်ရှောင်ဖိန် ချမှတ်ခဲ့သည့် အစုအဖွဲ့ဖြင့် အာဏာခွဲဝေအုပ်ချုပ်ရေး စနစ်ကို ဖျက်သိမ်းကာ ၎င်းတစ်ဦးတည်းက အကြွင်းမဲ့ အာဏာဖြင့် ချုပ်ကိုင်သည့် Absolute Control စနစ်သို့ ပြောင်းလဲမောင်းနှင်နေသည်။

တရုတ် Gen Z လူငယ်များသည် မော်စီတုန်းခေတ်ကို တိုက်ရိုက် မကြုံဖူးသော်လည်း မော်စီတုန်း ခေတ်၏ ပိုမိုညီမျှသော တရုတ်နိုင်ငံဆိုသည့် စိတ်ကူးယဉ်ပုံရိပ်ဆီသို့ ပြန်လည်ဦးလှည့်နေကြသည်။ အချို့လူငယ်များသည် ဗျူရိုကရေစီဆန့်ကျင်ရေး၊ ဖိနှိပ်မှုကို ရာဇသံပေးရေး စသည့် မော်စီတုန်း၏ စကားလုံးများကို ကိုးကား၍ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူမှု၊ မညီမျှမှုနှင့် အာဏာအလွဲသုံးစားမှုများကို ဝေဖန်လာကြသည်။

တရုတ် Gen Z များအကြား မော်စီတုန်း၏ တော်လှန်ရေးသင်ခန်းစာများအပေါ် လွမ်းဆွတ်မှု မြင့်တက် လာခြင်းသည် ရှီကျင့်ဖျင် အစိုးရအတွက် ယဉ်ကျေးမှုတော်လှန်ရေး အယူအဆများ ပြန်လည်ဆန်း သစ်လာပြီး စေတနာ့ဝန်ထမ်း လှုပ်ရှားမှုများ၊ အစိုးရအရာရှိများနှင့် လုပ်အားခေါင်းပုံဖြတ်မှုများအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာမည်ကို အိပ်မက်ဆိုးတစ်ခုလို စိုးရိမ်စရာ ဖြစ်လာစေသည်။

အွန်လိုင်းပေါ်တွင် မော်စီဝါဒဆိုင်ရာ ဆွေးနွေးမှုများသည် ဓနဥစ္စာ စုဆောင်းမှုကို တက်ကြွစွာ ဆန့်ကျင် သည့်အဆင့်သို့ ရောက်ရှိလာချိန်တွင် ကျောင်းသားအုပ်စုများ၏ ပို့စ်များကို အာဏာပိုင်များက ချက်ချင်း ပိတ်ပင်ခဲ့ကြသည်။ တရုတ်နိုင်ငံတွင် မော်စီတုန်း ကွယ်လွန်သည့် ၅၀ ပြည့် အထိမ်းအမှတ် အခမ်း အနားကို တရားဝင် ခမ်းခမ်းနားနား ကျင်းပခဲ့ခြင်းမရှိဘဲ တိတ်ဆိတ်စွာ ကျော်လွန်ခဲ့သော်လည်း ပီကင်း(ဘေဂျင်း)ရှိ မော်စီတုန်း အမှတ်တရဂူဗိမာန်သို့ ပြည်သူ ၆၀,၀၀၀ ခန့် လာရောက် ဂါရဝ ပြုခဲ့ကြသည်။

(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီတစ်ဦး ဖြစ်ပါသည်။)