ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှားစီးဘိုကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းမှ Non-CDM လက်ထောက်မူလတန်းပြ ဆရာမတစ်ဦးကို လူမှုကွန်ရက် (Facebook) ပေါ်တွင် လှုံ့ဆော်ဝါဒ ဖြန့်သည်ဟုဆိုကာ ရွေးတုအစိုးရက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာတွင် နေထိုင်သည့် ဆရာမ ဒေါ်နှင်းဝတ်ရည်သည် “Mi Pauk” အကောင့်အမည်ဖြင့် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရွေးတုအစိုးရက ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

Non-CDM မူလတန်းပြဆရာမသည် အဆိုပါ ရေးသားမှုများကို အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ် ခဲ့သဖြင့် ယင်းနေ့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ကို အုတ်ဖိုမြို့မရဲစခန်း၌ အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်း ရွေးတုအစိုးရသည် ၎င်းတို့အပေါ် ဝေဖန်သူများကို နေ့စဉ်နှင့်အမျှ ဖမ်းဆီးလျက်ရှိရာ လူမှုကွန်ရက်ပေါ်တွင် ရေးသားသူများ၊ မျှဝေ (Share) သူများနှင့် ထောက်ခံ (Like) ပေးသူများကိုပါ မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်သည်ဟု အကြောင်းပြကာ အမှုဖွင့် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့အပြင် အာဏာသိမ်း ရွေးတုအစိုးရသည် Facebook ၊ TikTok စသည့် လူသုံးများသော လူမှုကွန်ရက် ပလက်ဖောင်းများကို တားဆီးပိတ်ပင်ထားပြီး မြေပြင်ဖြစ်စဉ်များနှင့် သတင်းအချက်အလက်များကို ပိတ်ပင်ဖုံးကွယ်ကာ အကောင့်တု၊ ပေ့ချ်တုများ အသုံးပြု၍ သတင်းတု၊ သတင်းမှားများ လိမ်လည် ဝါဒဖြန့်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်