ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာကလေးငယ်များကို အတင်းအဓမ္မ ပန်းရောင်းခိုင်းနေသည့် လူကုန်ကူးဂိုဏ်းတစ်ခုကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးဌာန (DOPA) ၏ အထူးစစ်ဆင်ရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ သံသယရှိသူ လေး ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကလေးငယ် ခုနစ် ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
“Protecting Rosebuds” ဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးတွင် ဘန်ကောက်ရှိ နေအိမ်တစ်လုံးသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ သံသယရှိသူ လေး ဦးအနက် Oranuch Piwi နှင့် Ukrit အမည်ရှိ အမျိုးသား နှစ် ဦးပါဝင်ကာ ၎င်းတို့မှာ ပန်းရောင်ကတ်နှင့် ဆယ်နှစ်ခံကတ်များ ကိုင်ဆောင်ထားသူများ ဖြစ်ကြသည်။
လူကုန်ကူးသူများသည် မြန်မာကလေးငယ်များကို မဲဆောက်နယ်စပ် တရားမဝင်လမ်းကြောင်းများ မှတစ်ဆင့် ဘန်ကောက်သို့ ခေါ်ဆောင်လာခဲ့ပြီး ခေါက်ဆန်လမ်း၊ နွယ်ချန်းလမ်း စသည့် ကမ္ဘာလှည့်ခရီးသွားများပြားရာ နေရာများနှင့် ညပိုင်း အပန်းဖြေစည်ကားရာ နေရာများတွင် ညနေပိုင်းမှ နံနက် ၄ နာရီအထိ တစ်စည်းလျှင် ၁၀ ဘတ်နှုန်းဖြင့် ပန်းနှင့် စားသောက်ဖွယ်ရာများကို အတင်းအဓမ္မ ရောင်းချခိုင်းနေခြင်းဖြစ်သည်။

အဆိုပါ ဂိုဏ်း၏ အနှိပ်စက်ခံရမှုမှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးက ညပိုင်း ဖျော်ဖြေရေးနေရာများတွင် အတင်းအဓမ္မ ပန်းရောင်းခိုင်းခံရခြင်း၊ ရိုက်နှက်နှိပ်စက်ခံရခြင်းနှင့် အဓမ္မကျင့်ခံရမှုများအထိ ရှိနေကြောင်း “Thai Mai Thon” အဖွဲ့ထံ တိုင်ကြားခဲ့ရာမှတစ်ဆင့် DOPA အထူးတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုအတွင်း သံသယရှိသူများနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး၏ နေအိမ်တွင်လည်း မဲဆောက်မှ ရောက်ရှိနေသည့် လူငယ် ငါး ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့ကိုမူ အအေးရောင်းချ ခိုင်းခြင်းသာပြုလုပ်၍ ပန်းရောင်းခိုင်းခြင်းမရှိကြောင်း အဆိုပါအမျိုးသမီးက ငြင်းဆိုထားသည်။
လက်ရှိတွင် လူကုန်ကူးခံရမှုမှ ကယ်တင်ခဲ့သည့် မြန်မာကလေးငယ် ခုနစ် ဦးကို လူမှုဖွံ့ဖြိုးတိုး တက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ စိတ်ပညာရှင်များပါဝင်သည့် အဖွဲ့က စစ်ဆေးမေးမြန်း လျက်ရှိပြီး စစ်ဆေးပြီးပါက နွန်သဘူရီရှိ လူငယ်စောင့်ရှောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစင်တာသို့ ပို့ဆောင်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – The Nation Thailand