‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၄ရက်
‎
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကမ္ဘားကြီးအုပ်စုအတွင်းရှိ ရွာသစ်ကလေးကျေးရွာ အနောက်ဘက် ကြောင်ပန်းကုန်းချောင်း ဘုန်းတော်ကြီးကျောင်း ပရဝုဏ်အတွင်း၌ နှစ်ကာလများစွာ စိုက်ပျိုးထိန်းသိမ်း လာခဲ့သော အရွယ်ရောက်ပြီး ပျဉ်းကတိုးသစ်ပင်များကို ရွေးတုအစိုးရတပ်က တရားမဝင် ခုတ်လှဲ ရောင်းချနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ပျဉ်းကတိုးသစ်ပင်များကို ဒေသတွင်း ရောက်ရှိနေသော ရွေးတုအစိုးရစစ်တပ်က ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ၎င်းတို့သဘောအတိုင်း ခုတ်ထွင်ထုတ်ယူနေခြင်းဖြစ်ပြီး၊ ခုတ်လှဲထားသော သစ်ပင် များကို ကမ္ဘားကြီးရွာသား ဖိုးကျော်ဆိုသူက ဝယ်ယူကာ ငါးသိုင်းချောင်းမြို့သို့ စက်လှေဖြင့် တင်ပို့ ရောင်းချခဲ့ရာ အောက်တိုဘာ ၁၃ ရက်နေ့အထိ နောက်ဆုံးအကြိမ် ပို့ဆောင်နေသည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရသည်။
‎
‎”ဘုန်းကြီးကျောင်းပရဝုဏ်ထဲမှာ အနှစ်နှစ်အလလက ရှိလာခဲ့ကြတာ သာသနိက အဆောက်အဦ ပြုပြင်ရာမှာသုံးဖို့စွဲဖို့ထားကြတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
‎ကျောင်းတွင် စစ်ဘေးကြောင့် ရဟန်းသံဃာများ သတင်းမသုံးနိုင်ချိန် စစ်တပ်က အလွတ်တကူ ခုတ်ယူနေကြပြီး ပြည်သူများအဖို့ ကြောက်ရွံ့နေရသည့်အတွက် စစ်ဘေးကာလဖြစ်နေချိန်ကို အခွင့် ကောင်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
‎
‎”ကမ္ဘားကြီးက ဖိုးကျော်က စစ်တပ်ကနေ ဝယ်ပြီး ငါးသိုင်းချောင်းကို ပို့နေတာ လွန်ခဲ့တဲ့ အောက်တိုဘာ ၄ရက် ၅ ရက်လောက်ကတည်းက ပို့နေတာ မနေ့က ၁၃-၁၀-၂၆ နေ့အထိ ပို့နေတာတွေတွေ့တယ်” ဟု သတင်းသိရှိသူတစ်ဦးက ပြောပြသည်။
‎
ထို့ပြင် စစ်ဘေးရှောင်သွားကြရသည့် ကျေးရွာများတွင် ကျန်ရစ်ခဲ့သော အိမ်မွေးတိရစ္ဆာန် ကျွဲနွားများ၊ အိမ်ထောင်ပရိဘောဂများနှင့် နေအိမ်များမှာလည်း ပျက်စီးဆုံးရှုံးမှုများ ရှိကာ အကောင်းအတိုင်း မရှိတော့ကြောင်း စစ်ဘေးရှောင်မိသားစုများထံမှ သိရသည်။
‎