ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
မြန်မာ့အရေး ဖြေရှင်းရန် ချမှတ်ထားသည့် အာဆီယံ ဘုံသဘောတူညီချက် ငါး ချက်ကို လိုက်နာခြင်း မရှိသဖြင့် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ဖယ်ကြဉ်ခံထားရသော အာဏာသိမ်း ရွေးတုအစိုးရက အာဆီယံနှင့် ပြန်လည်ဆက်သွယ် ဆောင်ရွက်မည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက် ကြောင်း သိရသည်။
၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်၌ ယမန်နေ့ (အောက်တိုဘာ ၁၃ ရက်) က ပြုလုပ်ခဲ့သည့် လက်အောက်ခံများဖြင့် ဖွဲ့စည်းထားသော အာဆီယံရေးရာ ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဖြစ်သူ ရွေးတုအစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အာဆီယံနဲ့ ပုံမှန်ထိတွေ့ ဆက်ဆံနေတဲ့ လမ်းကြောင်းအပြင် အာဆီယံနဲ့ ဆက်သွယ်ဆောင်ရွက်မယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ဖြစ်တယ်။ အာဆီယံအနေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်” ဟု ၎င်းက အာဆီယံကို စွပ်စွဲထားသည်။

ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက်ငါး ချက်ကို ယခင် စစ်ကောင်စီလက်ထက်တွင် ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် ငါး ရပ်နှင့်အညီ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို မထိခိုက်စေဘဲ အဖြစ်နိုင်ဆုံး အကောင်အထည်ဖော်ခဲ့ကြောင်း ရွေးတုအစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
သို့သော် အာဆီယံအဖွဲ့ကမူ ဘုံသဘောတူညီချက်များအား ထိရောက်စွာ လိုက်နာဖော်ဆောင်ခြင်း မရှိဘဲ နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်ရှိန်မြှင့်နေသည့် ရွေးတုအစိုးရကို လက်ခံခြင်းမရှိဘဲ ပယ်ဖျက်ထားဆဲဖြစ်သည်။ ရွေးတုအစိုးရသည်လည်း အစပိုင်းတွင် ယင်းဘုံသဘောတူညီချက်များမှာ ၎င်းတို့အား ဖိအားပေးခြင်းဖြစ်သည်ဟုဆိုကာ လွှတ်တော်၌ အတည်ပြု ပယ်ချခဲ့ဖူးသည်။
လက်ရှိတွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU) နှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ပိုမိုပြင်း ထန်လာသဖြင့် ရွေးတုအစိုးရသည် အာဆီယံ၏ အသိအမှတ်ပြုမှု ပြန်လည်ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေရာမှ ယခုကဲ့သို့ ကော်မတီဖွဲ့စည်းကာ ထိတွေ့ရန် ပြုလုပ်လာခြင်းဖြစ်သည်။
ထို့အပြင် အသွင်ပြောင်း ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း အပေးအယူများ ပြုလုပ်၍ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်ကာ ၎င်းတို့ အာဏာ တည်မြဲရေးအတွက် ထောက်ခံအားပေးရန်နှင့် လာရောက် ရင်းနှီးမြှုပ်နှံကြရန် လိုက်လံ ဖိတ်ခေါ်လျက်ရှိသည်။
ဓာတ်ပုံ – MOI