ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘောမိကျေးရွာကို ခြေကုပ်ယူထားသော တပ်မ (၆၆) ၏ လက်အောက်ခံတပ်များမှာ မကျည်းဇင်ကျေးရွာဘက်သို့ ဦးတည်ရွှေ့လျားမှုများ ပြုလုပ်နေသဖြင့် မြေပြင်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
သာပေါင်း-မကျည်းဇင် လမ်းကြောင်းအတိုင်း အဆိုပါတပ်များ စစ်ကြောင်းထိုးလာခြင်းကြောင့် ဘောမိ၊ဂျိုင်လယ်နှင့် မကျည်းဇင်ကျေးရွာ ဝန်းကျင်တို့တွင် ထိတွေ့တိုက်ပွဲများမှာ နေ့စဉ်နီးပါး ရှိလာခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ကြက်သွန်ကွင်းကနေ စစ်ကူ၊ ခဲယမ်း အသယ်အပို့ရှိနေတယ်။ သာပေါင်း- မကျည်းဇင်လမ်းနဲ့ ရိုးနားမှာ တိုက်ပွဲရှိတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြည်း၊ ရေ၊ လေ ပူးပေါင်းကမ်းတက်စစ်ဆင်ရေး ပြုလုပ်ခဲ့ဖူးသည့် ရွှေသောင်ယံဒေသဘက်တွင်လည်း တပ်မ (၆၆) ၏ နည်းဗျူဟာတပ် တစ်ခု တပ်စွဲထားပြီး စစ်ရေး လှုပ်ရှားမှုရှိနေသည်။
ဂွမြို့နယ်အတွင်းရှိ ကျောက်ချွန်းကျေးရွာသို့ ဝင်ရောက်နိုင်ရန်အတွက် လေကြောင်း၊ ရေကြောင်း ပစ်အားများကို အသုံးပြုကာ ချဉ်းကပ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ ရခိုင်တောင်ပိုင်းတစ်ခုလုံး အလုံးစုံ ပိတ်ဆို့ရေး အစီအစဉ်ဖြင့် တပ်အင်အားများဖြည့်တင်းခဲ့သည် စစ်တပ်၏ မူလရည်ရွယ်ချက်များ ပျက်သုဉ်းပြီးနောက် ယခုထပ်မံစစ်ဆင်လာခြင်းဖြစ်သည်။
ရခိုင်တောင်ပိုင်းပိတ်ဆို့ရေး၊ ရန်နိုင်အောင် စစ်ဆင်ရေး စသည့်စစ်ဆင်ရေးများဖြင့် AAနှင့် ထိစပ်နယ်မြေများကို စစ်ကြောင်း ခုနစ်ကြောင်းဖြင့် အင်အား ၂၀၀၀ ကျော်သုံးကာ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။