ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
လူမှုကွန်ရက်ပေါ်တွင် နာမည်ကြီးနေသည့် သရုပ်ဆောင် ထူးခန့်ကျော်၊ ဦးနေလင်းအောင်နှင့် “ရွှေလက်ပိုင်ရှင်” ဒေါ်ခင်စန်းရီတို့၏ ဆေးကုသမှု ပုံစံများကို သီးခြားစုံစမ်းစစ်ဆေးပေးရန် ကျောက်ကြီး မြို့နယ် မဲဆန္ဒနယ်မှ ရွေးတု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက အကြံပြုဆွေးနွေး ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ရွေးတု ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လူနာများ ဘေးကင်းရေး၊ ဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်အထောက်အထား ရှိ၊ မရှိအပြင် ၎င်းတို့၏ ကုသပုံ နည်းလမ်းများကိုပါ သီးခြားစုံစမ်းစစ်ဆေးပေးရန် အဆိုပါ ကိုယ်စားလှယ်က တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ ဦးထူးခန့်ကျော်၊ ဦးနေလင်းအောင်၊ ဒေါ်ခင်စန်းရီတို့ရဲ့ ဆေးကုသမှု မှတ်တမ်းတွေ၊ လိုင်စင်တွေကို သီးခြားစစ်ဆေးဖို့ လိုပါတယ်။ အဲဒီနေရာမှာ တစ်ခုရှိတာက သူတို့ကိုယ်တိုင် ဆေးကုသမှုလိုင်စင် မရှိဘူး၊ သူတို့ ဆရာလိုင်စင်ကိုယူပြီး သူတို့က လက်ထောက် အနေနဲ့ ရေမန်းနဲ့ကုတာ၊ ဆီမန်းနဲ့ကုတာ၊ လက်ဝါး စောင်း ခုတ်တာ၊ ဒူးနဲ့တိုက်တာ၊ ဒီလို ဆေးကု သမှုတွေကို စိစစ်ဖို့လည်း လိုပါတယ်” ဟု ဦးဟံသာဝင်းက ဆွေးနွေးခဲ့သည်။
အွန်လိုင်းပေါ်တွင် ကျယ်ပြန့်စွာ ရေပန်းစားနေကြသူများအနက် ထူးခန့်ကျော်မှာ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် မိမိကိုယ်ကိုယ် တိုင်းရင်းဆေးနှင့် ဝိဇ္ဇာစွမ်းပကားများဖြင့် ကုသ ပေးနိုင်သည့် ပရဟိတဆေးဆရာအဖြစ် ကြေညာကာ လေဖြတ်နှင့် အကြောကပ်ဝေဒနာရှင်များကို လက်ခံကုသပေးနေသူ ဖြစ်သည်။
အလားတူ ဦးနေလင်းအောင်မှာလည်း ရေမန်း၊ ဆီမန်းများ အသုံးပြုခြင်း၊ စိတ်စွမ်းအင် သို့မဟုတ် ရိုးရာဆန်းကြယ်နည်းများဖြင့် ကုသပေးသည်ဟုဆိုကာ TikTok နှင့် Facebook တို့တွင် ဗီဒီယို မှတ်တမ်းများ တင်လေ့ရှိသူဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်ကလည်း မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမပေါ်ရှိ မဟာဂန္ဓာရုံဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ဦးနေလင်းအောင်၏ ပရဟိတ ဆေးကုခန်းကို ရွေးတုအစိုးရ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများက ဝင်ရောက်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေါ်ခင်စန်းရီ (ခေါ်) “ရွှေလက်ပိုင်ရှင်” မှာမူ လက်ဖြင့် ထိတွေ့ပွတ်သပ်ပေးရုံမျှဖြင့် သို့မဟုတ် အထူးစွမ်းအင်များဖြင့် ကင်ဆာနှင့် လေဖြတ်ရောဂါများ အပါအဝင် မည်သည့်ရောဂါမဆို ပျောက်ကင်း နိုင်သည်ဟုဆိုကာ ဝေဖန်မှုများနှင့်အတူ နာမည်ကြီးနေသူ တစ်ဦးလည်း ဖြစ်သည်။
ယင်းကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ထူးဆန်းသည့်နည်းလမ်းများဖြင့် ဆေးကုသပေးနေမှုများနှင့် ပတ်သက် ၍ အောက်တိုဘာ ၇ ရက်က တင်သွင်းခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှု အဆိုနှင့်စပ်လျဉ်း၍ အောက်တိုဘာ ၁၃ ရက်တွင် ကိုယ်စားလှယ် ၁၈ ဦးက ဝင်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။