‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၃ ရက်
‎
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာဘက်မှ ထွက်လာသည့် အင်အား ၁,၀၀၀ ကျော်ပါ ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းသည် လေကြောင်းပစ်ကူရယူလျက် ဝန်းသိုမြို့နယ်ဘက်သို့ ဦးတည်တက်ရောက်နေပြီး တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်းရှိ မဲဇာရွာကို ရွေးတုအစိုးရစစ်တပ်က အောက်တိုဘာ ၉ ရက်တွင် ဝင်ရောက် ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ ထိုသို့ တိုက်ပွဲများ ပြင်းထန်နေစဉ်အတွင်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
‎
“AA ပါတဲ့ တပ်ရင်းတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲက ဆက်ရှိနေတယ်။ ၆ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေတာ။ မဲဇာမှာတော့ စစ်တပ်ဝင်ထားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုစစ်ကြောင်းထိုးမှုမှာ စက်တင်ဘာလကုန်ပိုင်းက ကသာမြို့အခြေစိုက် ခမရ (၃၀၉) နှင့် ထီးချိုင့် မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကြောင်းများကို အင်းတော်မြို့ဘက်သို့ စုစည်း၍ ချီတက်လာ ခြင်းဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းရှိ မဲဇာကျေးရွာကို အောက်တိုဘာလဆန်းပိုင်းတွင် ဝင်ရောက် တပ်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ပါ‌အေအိုရွာသို့ ရောက်ရှိခဲ့ပြီး ယခုအခါ မဲဇာမှတစ်ဆင့် ဝန်းသိုမြို့နယ်ဘက်သို့ ဆက်လက်ထိုးဖောက် ဝင်ရောက်နေခြင်း ဖြစ်သည်။
‎
ထို့အပြင် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းကလည်း ကျောင်းကုန်းရွာအား ရွေးတုအစိုးရစစ်တပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းအန္တရာယ်များကြောင့် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက ဝန်းသိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးသတိပြုကြရန် အောက်တိုဘာ ၁၁ ရက်က သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့အတူ ကသာခရိုင် အမှတ် (၁) တပ်ရင်းကလည်း ထီးချိုင့်-ကသာ အမှတ် (၃) ကားလမ်းကို စစ်တပ်က အသုံးပြုလာနေသဖြင့် ပြည်သူများ အသုံးမပြုကြရန်နှင့် စစ်တပ်နှင့် အနီးကပ် လိုက်ပါသွားလာခြင်း မပြုကြရန် သတိပေးတားမြစ်ထားသည်။

ပုံစာ-စစ်တပ်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)