ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

 

တန်ဇန်းနီးယားနိုင်ငံ၊ အာရူးရှားမြို့၌ အောက်တိုဘာ ၅ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် နိုင်ငံ တကာပါလီမန်များအဖွဲ့ (IPU) ၏ ၁၅၃ ကြိမ်မြောက် ညီလာခံသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဒေါ်ဇင်မာအောင် ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

ညီလာခံကာလအတွင်း နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှား၊ နော်ဝေး၊ ကနေဒါ၊ ဘာရိန်း၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ပိုလန်၊ ဗြိတိန်(UK) နှင့် အရှေ့တီမောနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများရရှိခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါ တွေ့ဆုံမှုများအတွင်း SCEF နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ လွတ်မြောက်နယ်မြေများရှိ ပြည်သူ့အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းစဉ်များအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် လိုအပ်သူများထံ ပေးပို့နိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် စစ်တပ်၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အဓမ္မစစ်မှုထမ်းစေခိုင်းမှုများနှင့် အတု အယောင်လွှတ်တော်နှင့်အစိုးရ ဖွဲ့စည်းကာ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေမှုများ စသည်တို့ကိုလည်း အသိပေးတင်ပြခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်အုပ်စုသည် တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးမှုများ နှင့် မူးယစ်ဆေးဝါးရာဇဝတ်ဂိုဏ်းများထံမှ ငွေကြေးအရင်းအမြစ်များရယူနေပြီး အဆိုပါနိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကိုနှိမ်နင်းနိုင်ရေးအတွက် စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုများ တိုးမြှင့် ဆောင်ရွက်ပေးရန် မြန်မာလွှတ်တော် ကိုယ်စား လှယ်အဖွဲ့က တိုက်တွန်းခဲ့သည်။