‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၃ရက်

‎‎​ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းဘက်တို့တွင် အာရက္ခတပ်တော် (AA) နှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အမြင့်ကျွန်းနှင့် ရေချမ်းပြင်ဘက်ရှိ စခန်းအချို့ကို AA က ထိုးစစ်ဆင်သိမ်းပိုက်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

‎ပြီးခဲ့သည့် ​အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့အတွင်း အမြင့်ကျွန်းရှိ စစ်တပ်စခန်း နှစ် ခုကို AA က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

AAသည် တန်ပြန်တိုက်စစ်ဆင်လာသည့် ကာလအတွင်း စစ်တပ်၏ ကာကင်းစခန်းငယ် ကိုး ခုအထိ သိမ်းပိုက်ထားကြောင်း သိရသည်။

‎”မင်းချောင်းတံတားနဲ့ အမြင့်ကျွန်းကိုတော့ AAက ပိတ်ဆို့တိုက်ခိုက်တာမှာ စစ်တပ်ဘက်က ခံစစ်ဖြစ်နေပြီ။ ဒါပေမယ့် စစ်တပ်က ငပြီကျွန်းဘက် စစ်မျက်နှာ အသစ်ပြန်ဖွင့်လာတော့ စစ်ရေးက တမျိုးတဖုံပြောင်း လဲနိုင်တယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပုဏ္ဏားကျွန်းနှင့် စစ်တွေအကြား တံတားတခုခြားထားသည့် အမြင့်ကျွန်းဘက်ခြမ်းတွင် ရဲစခန်း၊ ဘုန်းကြီး ကျောင်းနှင့် ပါဒလိတ်ရွာဘက်ထွက်လမ်းတို့၌ စစ်တပ်ဘက်က ကားကင်းစခန်းများကို တပ်စွဲထားခြင်းဖြစ်ပြီး ယင်းတို့အထဲမှ ကာကင်းအချို့ကို AA က သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

‎​အလားတူ ရေချမ်းပြင်ဘက်တွင်လည်း စစ်တပ်၏ ဘန်ကာများကို AA က သိမ်းပိုက်ရရှိထားပြီး ပါဒလိတ်ဘက်သို့ ဆက်လက်ထိုးစစ်ဆင်ရန် ဝါဘိုနှင့် ငတောက် တက်ဘက်တို့မှနေ၍ ဝန်းရံထားကြောင်း သိရသည်။

AA သည် စစ်တွေမြို့နယ်အတွင်းရှိ အမြင့်ကျွန်းစခန်းများအပြင် ရွှေမင်းဂံရေတပ်စခန်း၊ ကံ့ကော်ကျွန်းရှိ ကာကင်းများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ) အနီးရှိ စခန်းများကိုလည်း ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

‎ထို့အပြင် စစ်လက်နက်စုဆောင်းရေးတပ် စနခ ၃၄၃ ကိုပါ AAကပစ်ခတ်တိုက်ခိုက်မှုရှိနေပြီး လုံခြုံရေးအင်အား ၇၀ကျော်သာရှိသည့်အတွက် စစ်တပ်က တပ်ရင်းအတွင်းမှ လက်နက်၊ ခဲယမ်း၊ စစ်သုံးပစ္စည်းများကို ဒကစအနီး ပြောင်းရွှေ့ထားကြောင်း သိရသည်။