နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

ခုခံတော်လှန်မှုများကြောင့် စစ်ရေးအထိနာ ရှုံးနိမ့်နေသော အာဏာသိမ်း ရွေးတုအစိုးရစစ်တပ်သည် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး ဘုန်းကြီး ကျောင်းများကိုပါ ဦးတည်ဗုံးကြဲသည့် လုပ်ရပ်များကို ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း သိရသည်။

ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းမှာ စစ်ထောက်လှမ်းရေး အရာရှိချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်သစ် ဖြစ်လာပြီးနောက် တကျော့ပြန် လုပ်ဆောင် လာခြင်းဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးသူ အများအပြား သေဆုံးလျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း မီးရှို့ဗုံးကြဲမှုများကြောင့် ကျေးရွာများ ပျက်စီး၍ ပြောင်တလင်းဖြစ်သွားရချိန်တွင် ဘုန်းကြီးကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများသာ ကျန်ရှိ တော့သဖြင့် ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း မန္တလေးသံဃသမဂ္ဂမှ ဆရာတော် ဓမ္မမေတ္တာက မိန့်ကြားသည်။

“အဲဒီတော့ အရပ်သားတွေနဲ့ ရဟန်းသံဃာတွေ သေဆုံးနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဟနဆရာတော် တွေက ဓမ္မတာဝန် မမဲ့ရအောင် ထိထိရောက်ရောက် ပြောဆိုဆုံးမပေးဖို့ လိုအပ်ပါတယ်” ဟု ဆရာတော်က ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။

ရွေးတုအစိုးရစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ သမိုင်းဝင် မဟာစည်ကျောင်းတိုက်နှင့် အင်ကြင်းပင် ဘုန်းကြီး ကျောင်းတို့ ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။

စစ်တပ်က ထိုသို့ ဗုံးကြဲအဆိုပါနေ့သည် တော်သလင်းလကွယ် ဥပုသ်နေ့ဖြစ်သဖြင့် ကျောင်းတိုက် အတွင်း ဥပုသ်သီလ ဆောက်တည်နေသည့် သက်ကြီးရွယ်အိုများနှင့် စစ်ဘေးရှောင်ပြည်သူ နှစ်ဦးထက်မနည်း သေဆုံးကာ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဓမ္မာရုံ၊ ရိပ်သာဆောင်၊ ဇရပ်စောင်းတန်းနှင့် အဆောက်အအုံ အများအပြား ထိခိုက် ပျက်စီးခဲ့သလို အောက်တိုဘာ ၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ လက်ရက်မရွာအနီးရှိ ပန်းလှတောရ ဘုန်းကြီးကျောင်းကို ဂျက်တိုက်လေယာဉ်ဖြင့် ဦးတည်တိုက်ခိုက်ခဲ့ရာ ရဟန်းသံဃာနှစ်ပါး ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် စစ်တပ်သည် အရပ်သားများ လာရောက်တရားနာယူသည့် ဥပုသ်နေ့များကို ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းကို အဓိကအားပြု၍ ဘုန်းကြီးကျောင်းနှင့် ဘာသာရေး အဆောက်အအုံများကို ဗုံးကြဲ တိုက်ခိုက်နေခြင်းမှာ လုံးဝမလုပ်သင့်သော လုပ်ရပ်ဖြစ်ကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမကလည်း ဧရာ၀တီတိုင်းမ်ကို မိန့်ကြားသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက် (ဝါခေါင်လဆန်း ၈ ရက်) ဥပုသ်နေ့ကလည်း မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တရားနာသူ ၁၄ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ယခုနှစ် ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ တိုက်သစ်ဘုန်း ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒုလ္လဘဝတ် ကိုရင်ကြီး နှစ်ပါး ပျံလွန်တော်မူကာ ကိုရင် ရှစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဓာတ်ပုံ – MOI