ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
ရွေးတုသမ္မတက နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံရမည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ဟောင်း ဒေါက်တာကိုကိုလွင်ကို ပြောင်းလဲခန့်အပ်ကြောင်း သိရသည်။
ဒေါက်တာကိုကိုလွင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် ကာကွယ်ရေးဌာန၏ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
၎င်းကို ပြီးခဲ့သည့် မတ်လအတွင်းက သမ္မတရုံး၊ လူမှုရေးနှင့် ကျန်းမာရေးဗျူရို အမှုဆောင်အချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ယခုအခါ လူကယ်ပြန်ဝန်ကြီးအဖြစ် အပြောင်းအလဲလုပ်ကာ ရာထူးတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယခင် လူကယ်ပြန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာစိုးဝင်းကို ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် အကျပ်အတည်းများကြောင့် ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေး ကိစ္စရပ်များကို ထိတွေ့ ဆက်ဆံရသည့် လူကယ်ပြန် ဝန်ကြီးဌာနသည် ရွေးတုအစိုးရအတွက် အရေးပါသည့် ဌာနတစ်ခုဖြစ်သည်။ ထို့အပြင် လူကယ်ပြန်ဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇင်လွင်မှာလည်း တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ် (၇) မှ စစ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်သည်။
ယင်းကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရသည့် ကျန်းမာရေးနှင့် လူကယ်ပြန်ဌာနများကို စစ်ဗိုလ်ချုပ်ဟောင်းဆရာဝန်များကို တာဝန်ပေးခြင်းမှာ ရွေးတုသမ္မတ မင်းအောင်လှိုင်က စနစ်တကျထိမ်းချုပ်နိုင်ရေးအတွက် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးထွန်းအောင်ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပြောင်းလဲတာဝန်ပေးခဲ့သည်။