နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

 

အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ရွေးတုအစိုးရအမည်ခံ အာဏာသိမ်းစစ်တပ်ကို အားကျလာစေရန် ရည်ရွယ်ကာ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့ အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို ခေါ်ယူစည်းရုံးလျက်ရှိပြီး နေ့စဉ်နီးပါး စီစဉ်ပို့ဆောင်နေကြောင်း သိရသည်။

 

ထိုသို့ ညွှန်ကြားမှုကြောင့် ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ် မှစတင်၍ နေပြည်တော်ရှိ အခြေခံပညာကျောင်းများကို လေ့လာရေးခရီးစဉ်အဖြစ် ပို့ဆောင်နေကြောင်း ၎င်းတို့၏ ဝါဒဖြန့် ထုတ်ပြန်ချက်များအရ သိရသည်။

မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် သမိုင်းတစ်လျှောက် လိမ်လည်ဝါဒဖြန့်ထားသည့် စစ်တပ်၏ လုပ်ဆောင်ချက်များကို သိရှိလာစေရန်ဟူသော ခေါင်းစဉ်ဖြင့် ဆရာ၊ ဆရာမများနှင့် အခြေခံ ပညာ ကျောင်းသူ/ကျောင်းသားများကို မဖြစ်မနေ ခေါ်ယူနေခြင်း ဖြစ်သည်။

 

ရွေးတုအစိုးရသည် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန် ပေါ်လစီကားများ ရိုက်ကူးထုတ်လွှင့်သကဲ့သို့ စစ်တပ်ကို အားကျလာစေရန် ဦးနှောက်ဆေးခြင်း (Brainwash) ပြုလုပ်နေခြင်းသာဖြစ်ကြောင်း လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ထောက်ပြပြောဆိုသည်။

 

“၂၀၂၁ အာဏာသိမ်းမှုကို မီခဲ့တဲ့လူငယ်တွေက တောထဲတွေ ရောက်ကုန်ကြပြီး၊ အဲဒီတုန်းက ၁၀ နှစ်၊ ၁၁ နှစ်အရွယ် ကလေးတွေက အခု လူငယ်အရွယ်တွေ ရောက်လာတော့ ဘာမှမသိ၊ နားမလည်တာကို ဂျင်းထည့်၊ Brainwash လုပ်နေတာပါ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် နေပြည်တော်ရှိ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ဥတ္တရသီရိ စသည့် မြို့နယ်များရှိ အခြေခံ ပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ယမန်နေ့ (အောက်တိုဘာ ၁၂ ရက်) အထိ ဆက်တိုက် ခေါ်ယူစည်းရုံးနေပြီး ထိုမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကိုပါ ဆက်လက် ပို့ဆောင် သွားရန် စီစဉ်ထားကြောင်း သိရသည်။

 

“သူတို့ တိုင်းပြည်ကို ဘယ်လိုကာကွယ်ခဲ့ရတယ်ဆိုတာတွေကို ဖော်ကျူးထားတဲ့ သီးသန့်ဝါဒဖြန့်တဲ့ နေရာပေါ့။ အခု အခြေခံပညာ ကျောင်းသားတွေကို ပို့နေတာက စိတ်ဓာတ်စစ်ဆင်ရေး၊ စည်းရုံးရေး လုပ်တာပါပဲ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စစ်တပ်သည် အင်အားလိုအပ်ချက်ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အဓမ္မ ဖမ်းဆီးစုဆောင်းနေရသော်လည်း ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ တပ်၏ အမာခံသန္ဓေ တပ်သားများအတွက် လူငယ်များကို စည်းရုံးသိမ်းသွင်းနေခြင်း ဖြစ်ကြောင်း တပ်သတင်းရင်းမြစ် များက ဆိုသည်။

 

ဓာတ်ပုံ – MOI