ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
မုတ်သုံရာသီ ဆုတ်ခွာအကူးအပြောင်းကာလ ဖြစ်သဖြင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်း နေကာ တိုင်းနှင့် ပြည်နယ်များတွင် မိုးထစ်ချုန်းရွာပြီး မိုးကြိုးပစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။

မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်မှ ရေခိုးရေငွေ့ ကြွယ်ဝသော လေစီးကြောင်းများ ထိတွေ့ဆုံစည်းမှုနှင့် တရုတ်ပြည်ဘက်မှ တိုးဝင်လာသော လေအေးများကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် မိုးတိမ်တောင်များ အားကောင်းစွာ ဖြစ်ထွန်းနေသည်။

ထို့ကြောင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ နေရာကွက်ကျား မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က သုံးသပ်တင်ပြထားသည်။
လက်ရှိရာသီဥတုသည် အစွန်းရောက်ရာသီဥတု စူပါအယ်လ်နီညိုကာလအတွင်း ရောက်ရှိနေသဖြင့် မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်မြင့်မားခြင်းနှင့် ရေရှားပါးခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် တိုက်တွန်းထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်