ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
အာဆီယံအဖွဲ့ စည်းလုံးညီညွတ်ရေးအတွက် မြန်မာနိုင်ငံကို အာဆီယံ အစည်းအဝေးတွေမှာ ပြန် လည်ပါဝင်လာနိုင်အောင် ဂျပန်နိုင်ငံက ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားသင့်တယ်လို့ ဂျပန်ဝန် ကြီးချုပ်ဟောင်း ဖူမီအိုကီရှီဒါက ပြောကြားလိုက်ပါတယ်။
ဘန်ကောက်ခရီးစဉ်အတွင်း ကီရှီဒါက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ကို ဂျပန်က ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရမယ်လို့ ပြောဆိုခဲ့တာပါ။
“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အမြင်အမျိုးမျိုး ရှိနေကြပေမဲ့ အာဆီ ယံအဖွဲ့ရဲ့ စည်းလုံးမှု ရှုထောင့်ကကြည့်ရင် မြန်မာကို အာဆီယံ မူဘောင်အတွင်း စနစ်တကျ ပြန်လည် ခေါ်ဆောင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံအများအပြားက ခံစားနေရပါတယ်” လို့ သူက ဆိုပါတယ်။
ယခုပြောကြားချက်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကွာလာလမ်ပူမြို့မှာ မင်း အောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံကို အာဆီယံ အသိုင်းအဝိုင်းထဲ ပြန်လည်ပါဝင်လာရေး ကူ ညီပေးမယ်လို့ အန်ဝါက ကတိပြုခဲ့သလို မင်းအောင်လှိုင်ကလည်း မလေးရှား ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လက်ခံဖို့ သဘောတူခဲ့ပါတယ်။
ကီရှီဒါဟာ မြန်မာစစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့တဲ့ ၂၀၂၁ ခု နှစ်မှာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး မကြာမီမှာ အာဆီယံ ခေါင်းဆောင်တွေဟာ ဂျကာတာမြို့မှာ တွေ့ဆုံ ခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး စတဲ့ အချက်တွေကို စစ် အုပ်စုက လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့လို့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတ တာဝန်ယူခဲ့ပြီးနောက် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံအချို့အပြင် တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဘီလာရုစ် နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။
“မြန်မာ့အရေးဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်ရေးအတွက် ကာလရှည်ကြာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေခဲ့ပါတယ်” လို့ လက်ရှိမှာ ဂျပန် အောက်လွှတ်တော်အမတ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင် နေသူ ကီရှီဒါက ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးက သက်ဆိုင်သူတွေဟာ ဒီပြဿနာအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိ နေကြပြီး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေကြတယ်လို့ ကီရှီဒါက ဆက်ပြောပါတယ်။
ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ကြား ကာလရှည်ကြာ တည်ဆောက်ထားတဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး ကဏ္ဍ အပါအဝင် စီးပွားရေးဆိုင်ရာ ကိစ္စတွေကိုလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ထိန်းသိမ်း သွားရမယ်လို့ ၎င်းက ထောက်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့ ၁၉၇၃ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အာဆီယံနဲ့ ဂျ ပန်တို့ကြား ယုံကြည်မှုဟာ ဂျပန်ရဲ့ အကြီးမားဆုံး အားသာချက်ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
News: Nikkei Asia
Ref; Japan should help ASEAN bring Myanmar back into fold: Kishida