ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငပြီကျွန်းတွင် ကမ်းတက်စစ်ဆင်ရေး ပြုလုပ်နေသည့် ရွေးတု အစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၁၂ ရက် တွင် ငပြီကျွန်းသို့ ကမ်းတက်လာသည့် ခမရ-၃၅၄ စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ခမရ ၃၅၄ ၏ ယာယီတပ်ခွဲမှူးတစ်ဦးပါ ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။
“စစ်တပ်က ကျွန်းပေါ်မှာ ဘန်ကာတွေ အမြန်တည်ဆောက်ပြီး ခံစစ်ပြင်ဆင်ဖို့ ပြုလုပ်နေတယ်လို့ သိရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်သည် ငပြီကျွန်းသို့ စစ်ရေယာဉ်များ အသုံးပြု၍ ကမ်းတက်ရန် ကြိုးစားစဉ် ပေါက်တောမြို့နယ်အတွင်း အခိုင်အမာ ခြေကုပ်ယူထားသည့် AA လက်နက်ကြီးစခန်းများမှ ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် တိတိကျကျ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်က ငပြီကျွန်းသို့ ကမ်းတက်လာသည့် စစ်ရေယာဉ်တစ်စီး လက်နက် ကြီး ထိမှန်၍ ပြန်လည်ဆုတ်ခွာသွားခဲ့ရသော်လည်း ခမရ ၃၅၄ စစ်ကြောင်းတစ်ခု ကျွန်းပေါ်တွင် ကျန်ရှိနေခဲ့သည်။ အဆိုပါ စစ်ကြောင်းတွင် အမြောက်တပ် အမတ ၃၇၃ ၏ တပ်ခွဲတစ်ခု ပါဝင်လာပြီး လက်နက်ကြီးစခန်းတစ်ခုကို အလျင်အမြန် တည်ဆောက်ရန် ကြိုးစားနေကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) ကလည်း ပေါက်တောမြို့ ကြိတ်ခွေမော်နှင့် လက်ပံပြားဘက်မှနေ၍ ပြန်လည်ကမ်း တက် စစ်ဆင်ရေး ပြုလုပ်လာသည့်အတွက် ယမန်နေ့ အောက်တိုဘာ ၁၁ ရက် အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ငပြီကျွန်းသည် ကုလားတန်မြစ်ဝတွင် တည်ရှိပြီး ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် စစ်တွေမြို့နယ်တို့ ဆုံရာနေရာဖြစ်သဖြင့် စစ်တပ်နှင့် AA တို့နှစ်ဘက်လုံးအတွက် စစ်ရေးအရ အလွန်အရေးပါသည့် နယ်မြေတစ်ခု ဖြစ်သည်။