ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ရွာက အသက် ၆၀ အရွယ် ရခိုင်တိုင်းရင်းသားတစ်ဦးအား စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

ရောဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာမှာ စက်တင်ဘာလ ၁၆ ရက်ညပိုင်းက စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဒေသခံ ရခိုင်တိုင်းရင်းသား အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားတယ်လို့​ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ဇီးချိုင်ကျေးရွာက အုန်းခြံတစ်ခုထဲမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသား ဦးဘာဘူဆိုသူလို့ သိရှိရပြီးအကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟိုင်းကြီးရေတပ်နဲ့ ရဲ စုစုပေါင်းအင်အား ၂၀ လောက်ရှိတယ်။ လာဖမ်းတာ ဦးဘာဘူက အုန်းခြံထဲမှာ အေးအေးဆေးဆေးနေတာ။ ဘာအကြောင်းနဲ့ လိုက်ဖမ်းနေလဲမသိ။ ရွာမှာသူနဲ့ဆို ၇ ဦးရှိနေပြီ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ဇီးချိုင်ကျေးရွာမှာ အသက် ၂၀ အရွယ် ရခိုင်လူငယ်သုံးဦးကို ဖမ်းဆီးခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၁၄ ရက်နေ့ ညပိုင်းမှာလည်း ရခိုင်အမျိုးသမီး သုံးဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ပြီး ယနေ့ထိပြန်လည်လွှတ်ပေးတာမရှိသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက ဇီးချိုင်ကျေးရွာအနီး တောထဲမှာ PDF စခန်းတစ်ခုနဲ့ လက်နက်တွေကိုတွေ့ရှိသိမ်းဆည်းခဲ့တယ်လို့စစ်ကောင်စီ ဝါဒဖြန့်လူမူကွန်ရက်တွေကဖော်ပြခဲ့ပေမယ့် ဒေသခံတွေကယင်းဖြစ်စဥ်မျိုးမကြားမိဘူးလို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှာလည်း ဇီးချိုင်ရွာကို ဟိုင်းကြီးရေတပ်၊ ရဲတွေ ရောက်လာပြီး ရွာကိုပိတ်ဆို့ကာ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံရှာဖွေနေပြီး ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ – ဟိုင်းကြီးကျွန်းအား အဝေးမှမြင်တွေ့ရစဥ်။

#ဟိုင်းကြီးကျွန်း #ဇီးချိုင် #စစ်ကောင်စီ #ရခိုင် #ဖမ်းဆီး

#Ayeyarwaddy_Times