ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၁၁ ရက်)

နွေရာသီမှာ ရာသီဥတု ပူတာကို ကျွန်တော်တို့အားလုံး ကြုံတွေ့ဖူးကြပါတယ်။ ဒါပေမဲ့ ပုံမှန်ထက် ပိုပူပြီး နေ့စဉ်ရက်ဆက် ပူပြင်းနေတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်းကို ထိခိုက်ပြီး ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာ ရာသီဥတု ပြဿနာတစ်ခုတည်း မဟုတ်ဘဲ လူ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာမယ့် အားလုံးနဲ့ဆိုင်တဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။

အထူးသဖြင့် အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်၊ အပူလှိုင်း (Heat Wave)၊ မိုးခေါင်ရေရှားမှုနဲ့ တောမီး လောင်ကျွမ်းမှုတွေ ပေါင်းစပ်လာတဲ့အခါ လူတွေရဲ့ ကျန်းမာရေး ထိခိုက်မှုဟာ ပိုမိုပြင်းထန် လာတတ်ပါတယ်။

🟥အယ်လ်နီညို (El Niño) ဆိုတာ ဘာလဲ

အယ်လ်နီညိုဆိုတာ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ပင်လယ်ရေ မျက်နှာပြင် အပူချိန် ပုံမှန်ထက် မြင့်တက်လာခြင်းနဲ့ ဆက်စပ်တဲ့ သဘာဝရာသီဥတုဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။ အယ်လ်နီညိုကြောင့် ကမ္ဘာ့ဒေသအသီးသီးမှာ မိုးရွာသွန်းမှုပုံစံ၊ လေထုအပူချိန်နဲ့ ရာသီဥတု အခြေအနေတွေ ပြောင်းလဲတတ်ပါတယ်။

အယ်လ်နီညိုဖြစ်ပေါ်တဲ့နှစ်တွေမှာတော့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသအချို့မှာ ပုံမှန်ထက် အပူချိန်ပိုမိုမြင့်တက်ခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်း၊ မိုးရွာသွန်းမှုနည်းပါးပြီး ရေရှားပါးခြင်း၊ တောမီး လောင်ကျွမ်းခြင်းနှင့် လေထုညစ်ညမ်းမှုအန္တရာယ် ပိုမိုကြုံတွေ့ရခြင်းစိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ ထုတ်လုပ်မှု ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

အပူလှိုင်း (Heat Wave) ဆိုတာကတော့ ဒေသတစ်ခုရဲ့ ပုံမှန်ရာသီဥတုထက် အပူချိန်အလွန်မြင့်မားပြီး ရက်အတော်ကြာ ဆက်တိုက်ပူပြင်းနေတဲ့ အခြေအနေကို ဆိုလိုတာပါ။ အယ်လ်နီညိုနဲ့ အပူလှိုင်းဟာ မတူညီတဲ့ ဖြစ်စဉ်တွေဖြစ်ပေမဲ့ အယ်လ်နီညိုက အချို့ဒေသတွေမှာ အပူလှိုင်းဖြစ်နိုင်ခြေကို ပိုမိုမြင့်တက် စေနိုင်ပါတယ်။

🟥အပူလွန်ကဲလာခြင်းနှင့် ခန္ဓာကိုယ်အပြောင်းအလဲများ

လူ့ခန္ဓာကိုယ်ဟာ အတွင်းပိုင်းအပူချိန်ကို ပုံမှန်အားဖြင့် ၃၇ ဒီဂရီဆဲလ်စီးယပ်စ် ဝန်းကျင်မှာ ထိန်းသိမ်းထားပါတယ်။ ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်က အပူကို လျှော့ချဖို့ နည်းလမ်းနှစ်မျိုးကို အဓိက အသုံးပြုပါတယ်။

◼️ချွေးထွက်ခြင်း (Sweating)

– ချွေးအငွေ့ပျံခြင်းကနေ ခန္ဓာကိုယ်အပူကို လျှော့ချပေးပါတယ်။

◼️အရေပြားသွေးကြောကျယ်ခြင်း (Vasodilation) –

အရေပြားဆီ သွေးစီးဆင်းမှု တိုးလာပြီး ခန္ဓာကိုယ်အတွင်းက အပူတွေကို အပြင်သို့ ထုတ်ပေးပါတယ်။

ဒါပေမဲ့ အပူချိန်အလွန်မြင့်မားခြင်း၊ လေထုစိုထိုင်းဆများခြင်းနဲ့ ရေဓာတ်ဆုံးရှုံးခြင်းတို့ကြောင့် အပူထိန်းညှိမှု မလုံလောက်တော့တဲ့အခါ အပူကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ဆက်တိုက် ပေါ်ပေါက်လာပါတော့တယ်။

🟥အပူလှိုင်းကြောင့် ဖြစ်ပေါ်တတ်သော ကျန်းမာရေးပြဿနာများ

◼️ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)

-အပူချိန်မြင့်တဲ့အခါ ချွေးထွက်များပြီး ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးပါတယ်။ ရေအလွန် ငတ်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဆီးသွားနည်းခြင်းနှင့် အားအင် ကုန်ခန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်လာရင် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

◼️အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)

-ပူပြင်းတဲ့နေရာမှာ အလုပ်လုပ်သူတွေနဲ့ အားကစားလုပ်သူတွေမှာ ချွေးအလွန်အကျွံထွက်ပြီး ဓာတ်ဆား ဆုံးရှုံးတဲ့အခါ ခြေထောက်၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေ နာကျင်စွာ တက်တတ်ပါတယ်။

◼️အပူကြောင့် အားအင်ကုန်ခန်းခြင်း (Heat Exhaustion)

-ချွေးအလွန်အကျွံထွက်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ ခံစားရနိုင်ပါတယ်။

◼️အပူလျှပ်ခြင်း (Heat Stroke)

-ဒါဟာ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေဖြစ်ပြီး အပူကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာ တွေထဲမှာ အန္တရာယ်အကြီးဆုံး ဖြစ်ပါတယ်။ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းနှင့် ကိုယ်အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်နှင့်အထက် မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်တတ် ပါတယ်။

🟥အပူဒဏ်ဟာ နာတာရှည်ရောဂါများကိုပိုဆိုးစေနိုင်ပါတယ်

အပူလှိုင်းဟာ ကျန်းမာသန်စွမ်းသူတွေအတွက်သာမက နာတာရှည်ရောဂါရှိသူတွေအတွက် ပိုမို အန္တရာယ် ကြီးမားပါတယ်။

◼️နှလုံးသွေးကြောရောဂါ

– နှလုံးခုန်နှုန်းတိုးလာပြီး နှလုံးအလုပ်လုပ်ရမှု များလာကာ ရေဓာတ်ဆုံးရှုံးမှုနဲ့ ပေါင်းစပ်တဲ့အခါ နှလုံးရောဂါရှိသူများအတွက် အလွန်အန္တရာယ်များပါတယ်။

◼️ကျောက်ကပ်ရောဂါ

– ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ကျောက်ကပ်ဆီ သွေးစီးဆင်းမှု လျော့နည်းပြီး ကျောက်ကပ် ထိခိုက်ပျက်စီးနိုင်ပါတယ်။

◼️ဆီးချိုရောဂါ

– အပူဒဏ်နဲ့ ရေဓာတ်ခန်းခြောက်မှုကြောင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရ ခက်ခဲလာနိုင်ပါတယ်။

◼️အသက်ရှူလမ်းကြောင်းရောဂါ

– တောမီး၊ မီးခိုးမြူနဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ပန်းနာရင်ကျပ် (Asthma) နဲ့ နာတာရှည် လေပြွန်ရောင်ရမ်းရောဂါ (COPD) လက္ခဏာတွေ ပိုဆိုးလာနိုင်ပါတယ်။

🟥အပူဒဏ်ကို ပိုမိုခံစားရလွယ်သူများ

အသက် ၅ နှစ်အောက် ကလေးငယ်များ၊ မွေးကင်းစကလေးများ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံး၊ ကျောက်ကပ်၊ ဆီးချိုနှင့် အသက်ရှူလမ်း ကြောင်းရောဂါ ရှိသူများအနေဖြင့် အထူးဂရုစိုက်သင့်ပါတယ်။ ထို့အတူ လယ်ယာ၊ ဆောက်လုပ်ရေး၊ စက်ရုံနဲ့ နေပူစပ်ခါး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရသူများလည်း အပူဒဏ်ကို အဓိက ခံစားရတတ်ပါတယ်။

🟥အပူလှိုင်းဒဏ်မှဘယ်လိုကာကွယ်ကြမလဲ

◼️ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ

-ရေငတ်မှ ရေသောက်တာထက် ပူပြင်းတဲ့အချိန်တွေမှာ ရေကို ပုံမှန်သောက်သုံးပါ။ (မှတ်ချက်။ နှလုံးနှင့် ကျောက်ကပ်ရောဂါကြောင့် ရေသောက်ပမာဏ ကန့်သတ်ထားသူများကတော့ ဆရာဝန်ညွှန်ကြားချက် ကို လိုက်နာသင့်ပါတယ်။)

◼️အပူပြင်းဆုံးအချိန်များတွင် ပြင်ပလှုပ်ရှားမှု လျှော့ချပါ

-နေပူချိန်ပြင်းထန်တဲ့ နေ့လယ်ပိုင်းတွေမှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပြင်ပအလုပ်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

◼️အေးမြသည့်နေရာတွင် အနားယူပါ

-လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာတွေမှာ နေထိုင်ပါ။ အခန်းတွင်းအပူချိန် အလွန်မြင့်နေရင် လေအေးပေးစက် သို့မဟုတ် ရေငွေ့ထုတ်စက်တွေကို အသုံးပြုပါ။

◼️သင့်လျော်သော အဝတ်အစား ဝတ်ဆင်ပါ

– ပေါ့ပါး၊ ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။

◼️အန္တရာယ်ရှိသူများကို ဂရုစိုက်ပါ

-မိမိတို့အိမ်နီးနားချင်းနဲ့ မိသားစုဝင်တွေထဲက ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာ အပူဒဏ်လက္ခဏာ ရှိမရှိ ပုံမှန်စစ်ဆေးပေးပါ။

ရာသီဥတု ပူပြင်းလာခြင်းကို ကျွန်တော်တို့ တားဆီးမရနိုင်ပေမဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံး မှုတွေကိုတော့ ကြိုတင်သတိထားခြင်း၊ ကာကွယ်ခြင်းနဲ့ အချိန်မီကုသခြင်းတို့ကနေ လျှော့ချနိုင်ပါတယ်။ အားလုံးပဲ အပူဒဏ်ကို ဘေးကင်းကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ “နာကျင်ခြင်းနှင့် လူသား” ဆောင်းပါးကို ဆက်လက်တင်ဆက်ပေးပါမယ်။