ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ သမိုင်းဝင် မဟာစည်ကျောင်းတိုက်ကို ရွေးတု အစိုးရစစ်တပ်က ယနေ့ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခဲ့သဖြင့် ကျောင်းတိုက်အတွင်း ဥပုသ်သီလ ဆောက်တည်နေသည့် သက်ကြီးရွယ်အိုများနှင့် စစ်ဘေး ရှောင် ပြည်သူ နှစ် ဦး သေဆုံးကာ ရှစ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ယနေ့ နေ့လယ် ၁၁ နာရီ ၄၄ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာ သည့် ဂျက်ဖိုက်တာ အမျိုးအစား စစ်လေယာဉ်ဖြင့် မဟာစည်ဆရာတော်ဘုရားကြီး သီတင်း သုံးခဲ့ ဖူးသည့် သမိုင်းဝင် ကျောင်းတိုက်ပေါ်သို့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု သုံး ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ေြာင်ူ ရွှေဘို – ပကဖ ထံမှ သိရသည်။

“စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကိုလည်း ကြဲတာပဲ။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းကို ပိုကြဲတယ်။ အခုနောက်ပိုင်း ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေမှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ သတိပေးလာရပြီ” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ သက်ကြီးရွယ် အိုများနှင့် စစ်ဘေးရှောင် ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့်အပြင် ဓမ္မာရုံများ၊ ရိပ်သာဆောင်များ၊ ဇရပ်စောင်းတန်းများနှင့် အခြား အဆောက်အအုံ အများအပြားလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီး ခဲ့ရသည်။

စစ်တပ်သည် ဘုရားကျောင်းကန်၊ စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများ အပါအဝင် အရပ်သား ပြည်သူများ ရောက်ရှိနေထိုင်ရာ နေရာများကို ပစ်မှတ်ထား၍ အချိန်မရွေး လေကြောင်းမှ တိုက်ခိုက် မှုများ ပြုလုပ်လေ့ရှိသည်။
ထို့ကြောင့် ဒေသခံ မိဘပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်များကို အထူးသတိပြု နေထိုင်ကြရန်၊ လေယာဉ်သံနှင့် လက်နက်ကြီး ပစ်ခတ်သံများ ကြားရပါက လုံခြုံဘေး ကင်းသည့် နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းရှောင်ရှားကြရန်၊ မလိုအပ်ဘဲ လူစုလူဝေး မပြုလုပ် ကြရန်နှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးအဖွဲ့များ၏ သတိပေး နှိုးဆော်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ထားသည်။
ဓာတ်ပုံ-ရွှေဘိုပကဖ