ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
ရန်ကုန်မြို့ပေါ်ရှိ မြို့နယ်အများအပြားတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း လမ်းသွားလမ်းလာ လူငယ်များကို အရပ်ဝတ်အဖွဲ့များ၊ စစ်တပ်နှင့် ရဲများက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မြို့နယ် ၁၀ ခုထက်မနည်းမှ လူငယ် ၃၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံရမှုများတွင် လူငယ် ၁၄ ဦးမှာ စည်ပင်ယာဉ်များဖြင့် အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရပြီး အချို့မှာ သူခိုးဟု စွပ်စွဲခံရခြင်း၊ ရိုက်နှက်ခံရခြင်းတို့အပြင် လမ်းပေါ်တွင် သွားလာနေစဉ် အကြောင်းမဲ့ ဖမ်းဆီးခံရခြင်းဖြစ်သည်။
မဟာဗန္ဓုလပန်းခြံသို့ လာရောက်သည့် ယောက်ျားလေးများကို အရပ်ဝတ်အဖွဲ့များက ဖမ်းဆီးပြီး စည်ပင်ကားများဖြင့် တင်ဆောင်သွားခဲ့ကြောင်း Rangoon Scout Network ထံမှ သိရသည်။
ယင်းသို့ ဖမ်းဆီးခံရသူများထဲတွင် ကျောက်တံတားမြို့နယ်မှ ၁၀ ဦး၊ ကမာရွတ်မြို့နယ်မှ ၆ ဦး၊ စမ်းချောင်းနှင့် အင်းစိန်မြို့နယ်တို့မှ ၅ ဦး၊ သန်လျင်နှင့် သာကေတမြို့နယ်တို့မှ ၂ ဦးစီအပြင် အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေ၊ လှိုင်နှင့် အခြားမြို့နယ်မှ ၁ ဦးစီတို့ ပါဝင်ပြီး အချို့မှာ မိသားစုက ငွေကြေးပေး၍ ပြန်လည်ရွေးထုတ်နိုင်ခဲ့သည်။
ထို့အပြင် အလုံ၊ ဗဟန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင်လည်း ဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း Rangoon Scout Network က ဆိုသည်။