ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ရက်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဝီရဌာနီ (ပေါက်တော) မြို့နယ်ရှိ ဆင်အိုင်ကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ၆ နာရီ ၂၀ မိနစ်ခန့်တွင် ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ခုနစ် ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကာ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။
“မနေ့ကအထိ သေဆုံးသူ ၅ ဦးပါ။ အခု ထပ်တိုးလာပါတယ်။ ထပ်လာပြီး ဗုံးကြဲမှာ စိုးရိမ်နေကြပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်သို့ ပြောကြားသည်။
ထို့အပြင် ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီ ၃၅ မိနစ်အချိန်တွင် မကွေးလေတပ်မှ တက်လာသည့် Y-12 ထောက်ပို့ရေးလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ရေးလေယာဉ်တို့ ပေါက်တောနယ်မြေ အတွင်း ပျံဝဲမှုများ ရှိခဲ့သည်။
အလားတူ အမ်းမြို့နယ်၊ အမ်းရိုးဘက်ကိုလည်း ရွေးတုအစိုးရစစ်တပ်က ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် လေကြောင်းမှ ဗုံးလေးလုံးထက်မနည်းဖြင့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို အသေးစိတ် မသိရှိရသေးပေ။
အမ်းမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဗုံးကြဲလေယာဉ်တစ်စီးမှာ နံနက် ၁၁ နာရီကျော်တွင် မကွေးလေတပ်အတွင်းသို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း လေယာဉ်ပျံသန်းမှု ကင်းထောက်ပေးနေသည့် “ဝေဟင်” အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။