ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ သုံးပတ်ဆက်တိုက် မြင့်တက်လာခဲ့ပြီး ယခုတစ်ပတ်တွင် ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ နိုင်ငံခြားငွေလဲနှုန်းများပါ တစ်ပါတည်း လိုက်ပါမြင့်တက်လာကာ ပြည်သူများ အနေဖြင့် အထွေ ထွေကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပိုမိုခံစားနေကြရကြောင်း သိရသည်။

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာရာတွင် ရွေးတုအစိုးရ၏ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၄၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာလျှင် ၄၀ ကျပ် မြင့်တက်ခဲ့ပြီး ဒီဇယ်ဈေးမှာ ၁၈၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ပရီမီယံဒီဇယ်ဈေးနှုန်းမှာမူ ၂၂၀ ကျပ်ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် သတ်မှတ်ဈေးနှုန်းများအရ ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၄,၅၉၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာလျှင် ၄,၇၇၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၅,၀၀၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၅,၅၇၅ ကျပ် ရှိနေသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်ကမူ ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၄,၅၄၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာလျှင် ၄,၇၃၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၄,၈၁၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၅,၇၉၅ ကျပ် အသီးသီး ရှိခဲ့သည်။

 

“ဒီလပိုင်း ဆီဈေးတွေဆက်တက်တယ်။ ဆီဆိုင်တွေက ထုံးစံအတိုင်းပဲ ကြာသာပတေးနေ့ဆို ဆီအရောင်းရပ်တာနဲ့ စစ်တပ်က ဆီအသွင်းလျော့တာနဲ့ နောက်ဆို စက်သုံးဆီလည်း ရှားမယ်ထင်တယ်။ ကျန်တဲ့ကုန်ဈေးနှုန်းတွေလည်း အကုန်တက်နေတာ၊ တက္ကစီမောင်းရတာလည်း မကိုက်တော့ဘူး။ အုံနာခပေးဖို့ပဲ။ အရင်လို ဆီက လိုသလောက်ဝယ်ရတာမဟုတ်ဘဲ ပေးသလောက် စုဝယ်ထားရတော့ ဆီဖိုးကုန်တယ်” ဟု ရန်ကုန်တွင် ၁၀ နှစ်ကျော်ကြာ တက္ကစီမောင်းသူ မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသကဲ့သို့ ရွှေဈေးနှင့် ဒေါ်လာဈေးမှာလည်း ဆက်လက် မြင့်တက်လျက်ရှိသည်။

ရွှေဘုံသာလမ်းရှိ ငွေကြေးဈေးကွက်မှ စုံစမ်းသိရချက်အရ ရပ်နားခဲ့သည့် အောက်တိုဘာ ၁၀ ရက်ဈေးကွက်ပိတ်ရက်တွင် အကယ်ဒမီစနစ်ဟောင်း ရွှေတစ်ကျပ်သားလျှင် ဝယ်ဈေး ကျပ် ၁၀,၁၀၀,၀၀၀(၁၀၁သိန်း) နှင့် ရောင်းဈေး ကျပ် ၁၀,၁၃၀,၀၀၀(၁၀၁သိန်းသုံးသောင်း) အထိ မြင့်တက် လာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်က အကယ်ဒမီစနစ်ဟောင်း တစ်ကျပ်သားလျှင် ဝယ်ဈေး ၉,၉၈၀,၀၀၀ ကျပ်နှင့် ရောင်းဈေး ၁၀,၀၀၅၀,၀၀၀ ကျပ် ရှိခဲ့ရာမှ ယခုကဲ့သို့ ထပ်မံ မြင့်တက်လာခြင်း ဖြစ်သည်။

 

အလားတူ အမေရိကန်တစ်ဒေါ်လာလျှင်လည်း ၄,၅၁၀ ကျပ်ဝန်းကျင်အထိ ကျပ်တစ်ရာနီးပါး မြင့်တက်လာကြောင်း သိရသည်။

 

ယခုကဲ့သို့ စက်သုံးဆီဈေး၊ ရွှေဈေးနှင့် ငွေလဲနှုန်းများ တစ်ပြိုင်နက် မြင့်တက်နေခြင်းကြောင့် မီးဖို ချောင်သုံးပစ္စည်းများမှစတင်ကာ လူသုံးကုန်၊ စီးပွားရေးသုံးကုန်ပစ္စည်းများအထိ အထွေထွေ ကုန်ဈေးနှုန်းများပါ တစ်ပါတည်း လိုက်ပါမြင့်တက်နေကာ မြို့နေလူထုမှာ စီးပွားရေးကျပ်တည်း မှုဒဏ်ကို ပိုမိုရင်ဆိုင်လာကြရအောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

 

“ကုန်ဈေးတွေ ပိုတက်လာတယ်။ ဒီလတွေ ဒီကြားထဲ ကုန်ဈေးနှုန်းတွေ ပိုတက်လာတယ်။ အခု မိုးကုန်ပြီးတော့လည်း သီတင်းကျွတ်နဲ့ဘာနဲ့ ဈေးက တက်ဦးမယ်။ ကုန်ဈေးနှုန်းက အဆင်းကိုမရှိဘူး” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဆိုသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်