ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ဒေသတွင်း တော်လှန် ရေးတပ်ဖွဲ့များက မိဘပြည်သူများ စစ်ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် သတိပေး ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ထားသည်။
စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သော ကသာ – ထီးချိုင့် အမှတ် (၃) ကားလမ်းသည် ယခုအချိန်တွင် ရွေးတုအစိုးရ စစ်တပ် အသုံးပြုနေသော လမ်းကြောင်းဖြစ်သောကြောင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်း ကသာခရိုင် အမှတ် (၁) တပ်ရင်းက ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
”ရွှေကူကနေဆင်းချသွားတဲ့ တပ်မ (၃၃) တပ်တွေက တကောင်းဘက်မှာ ကျန်ခဲ့သလို အင်အား ၇၀၀ နဲ့ အင်းတော်ကိုထိုးနေတဲ့တပ်တွေလည်းရှိတော့ သတိထားရမယ့်အခြေအနေပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် ခရီးသွား ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရန် မသင့်တော်ကြောင်းနှင့် ရွေးတုအစိုးရစစ်တပ် ယာဉ်တန်းများကို တိုက်ခိုက်ချေမှုန်းရမည်ဖြစ်သဖြင့် ခရီးသွားပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် အဆိုပါယာဉ်တန်းများနှင့် ကပ်၍လိုက်ပါလာခြင်းများ မပြုလုပ်ရန် လည်း အထူးသတိပေး မေတ္တာရပ်ခံထားသည်။
ကသာခရိုင် အမှတ် (၁) တပ်ရင်းအနေဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ အဆိုပါလမ်းပိုင်းအား ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာသော အကျိုး ဆက်များကို မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပြီး လုံးဝ တာဝန်ယူဖြေရှင်းသွားမည် မဟုတ်ကြောင်းကို အရပ်သားမိဘပြည်သူများထံ ပြတ်သားစွာ သတိ ပေးထားသည်။
အလားတူ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းကလည်း ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် အများပြည်သူသို့ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။
ယခုအချိန်တွင် ရွေးတုအစိုးရစစ်တပ်မှ နယ်မြေရရှိရေး ဆောင်ရွက်နေပြီး လေကြောင်းလိုင်း၊ ဗုံးကြဲ လေယာဉ်များနှင့် စစ်ကြောင်းများ အချိန်အခါမရွေး လှုပ်ရှားလာနိုင်သည့် အခြေအနေ ရှိနေသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် စစ်ကြောင်းအန္တရာယ်များအတွက် ရှောင်ရှားနေထိုင်နိုင်ရန် ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။
ထို့ပြင် ပြည်သူများအနေဖြင့် လူစုလူဝေး ရှိသည့်နေရာများတွင် နေထိုင်မှုကို ရှောင်ရှားရန်၊ ဘုန်းတော် ကြီးကျောင်းများနှင့် စာသင်ကျောင်းများမှ ကင်းဝေးရာသို့ ဦးတည်ရှောင်ရှားရန်နှင့် လေကြောင်း အန္တရာယ်ကို အထူးဂရုပြုကြရန် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက မေတ္တာရပ်ခံ ထုတ်ပြန် ထားသည်။
ပုံစာ-ထီးချိုင့်-ကသာလမ်းပိုင်း၊ စစ်တပ်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)