‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၀ ရက်

‎‎သာပေါင်းမြို့နယ်၊ ဘောမိချောင်း ဒေသဘက်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး စစ်တပ်က အင်အားဖြည့်တင်းနေကာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

‎ပြီးခဲ့သည့် အောက်တိုဘာ ၃ရက်က ကြက်သွန်ကွင်း လမ်းဆုံမှနေ၍ သာပေါင်း အစပ်‌ ရခိုင်ရိုးဘက်ရှိ စစ်တပ်စခန်းများကို စစ်တပ်က ခဲယမ်း၊ ဒရုန်းနှင့် စစ်ကူများကို စစ်သုံးဖောကား၊ အရပ်ဘက်သုံး ဆယ်ဘီးကားများဖြင့် ပို့ဆောင်စစ်ရေးပြင်ပြီးနောက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။

‎”ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်လာတာမှန်ပါတယ်။ အကြီး အသေးသံတွေကြားနေရတာရှိပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာဘက်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်နေ့က စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးမှု ရှိခဲ့သည်ဟု ဒေသတွင်းသတင်းများမှ သိရသည်။

‎ဘောမိချောင်းဒေသကို စစ်တပ်က ပုသိမ်နှင့် ရေကြည်အမြောက်တပ်ဘက်မှနေ၍ စစ်ကူနှင့် ခဲယမ်းများကို ဆက်တိုက်ပို့နေပြီး စစ်ရေးပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ သဲဖြူနှင့် ကင်ပွန်းချဉ်ကုန်းဘက်တွင်လည်း ပစ်ခတ်သံများ ကြားနေရသည်ဟု သိရသည်။

‎စစ်တပ်က သာပေါင်းရှိ သဲဖြူ၊ ကင်ပွန်းချဉ်ကုန်း၊ သာပေါင်းလေး၊ ဘုရားကြီးနှင့် ရေကြည်ရှိ ကမ္ဘားကြီး စစ်တပ်စခန်းများကို စစ်ကူ၊ ခဲယမ်း ဖြည့်တင်းပြီးနောက် ဒဏ်ရာရစစ်တပ် တပ်ဖွဲ့ဝင်များနှင့် အလောင်းများကို ပြန်လည် သယ်ယူလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ