‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၀ရက်

‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ စခန်းများ တန်ပြန်တိုက်ခိုက်ခံနေရချိန်တွင် စစ်တိုင်းမှူးနှင့်အနီးဆုံးနေရာ၌ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များကို အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
‎
‎ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က စစ်တပ်သည် အမြင့်ကျွန်းနှင့် ဝါဘိုကျေးရွာများကို တိုက်စစ်ဆင်ခဲ့ရာမှ စစ်ဦးကျိုးပြီး ပြန်လည်ဆုတ်ခွာလာသည့် လမ်းကြောင်းအတိုင်း AAက တန်ပြန်တိုက်စစ်ဆင်လာသည်ကို တွေ့ရှိရသည်။
‎
‎ရေချမ်းပြင်နှင့် ရေတပ်အခြေစိုက်စခန်း ရခစ ၁၇ တို့ကိုပါ အချိန်ကိုက် တိုက်ခိုက်နေခြင်းကြောင့် စစ်တွေမြို့သိမ်းတိုက်ပွဲအတွက် ရုပ်လုံးပေါ်လာပြီဟု ဆိုရမည် ဖြစ်‌ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
‎
‎အာရက္ခတပ်တော် (AA) ၏ မြို့သိမ်းတိုက်ပွဲများသည် ပြည်သူ့အိုးအိမ်များကို ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက်လေ့ရှိသည်ကို တွေ့ရပြီး လက်ရှိတွင် မြေပြင်တိုက်ပွဲများသည် စစ်တွေ တပ်နယ်အတွင်းသို့ နီးကပ်စွာ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။
‎
‎စစ်တွေမြို့နယ်အတွင်းရှိ ခလရ ၂၀၊ မဆရ ၈ (စစ်မြေပြင်ဆေးတပ်ရင်း) နှင့် အမတ ၃၇၃ တို့တွင် ရဟတ်ယာဉ်ဆင်းကွင်းများ အသင့်ဖော်ဆောင်ထားရှိထားသော်လည်း သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်နှစ်စီးကိုမူ စစ်တိုင်းမှူးနှင့် အနီးဆုံးဖြစ်သော ခလရ ၂၀ အတွင်း၌သာ အသင့် အနေအထားဖြင့် အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
‎
‎လက်ရှိတွင် AAက ဝါဘိုကျေးရွာတဝိုက်ကို အလုံးစုံ ထိန်းချုပ်ထားပြီး ကံ့ကော်ကျွန်း ရှိ စစ်တပ်စခန်းကို တိုက်ခိုက်ရန် အသင့်အနေအထား ရှိနေပြီဖြစ်သည်။ ရွှေမင်းဂံရေတပ်အတွက် အထူး စိုးရိမ်ဖွယ်အနေအထားသို့ရောက်ရှိနေ၍ စစ်တပ်က ရေတပ်နှင့်မျက်နှာချင်းဆိုင် ငပြီကျွန်းကို ကမ်းတက်ရန် အပြင်းအထန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများက ခန့်မှန်းပြောဆိုကြသည်။
‎