ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း သဘာဝဘေးဒဏ် ခံစားနေရသည့် ဒေသခံများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် လောင်းလုံးမြို့နယ်ကျန်းမာရေးအဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ကျေးရွာများအထိ သွားရောက်ကာ ဆေးဝါးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာနယ်မြေများတွင်လည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့်ကျေးရွာများရှိ ကျေးရွာကော်မတီများ နှင့် ကျေးရွာခေါင်းဆောင်များထံသို့လည်း အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အလှူငွေများပေးအပ်ခဲ့သည်။

 

လောင်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများဖြစ်ပွါးခဲ့ပြီး ဒေသခံ ၃၁ ဦးနှင့်အထက် သေဆုံးခဲ့သော်လည်း ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်သည် လောင်းလုံးဒေသတွင်းသို့ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးမှုများပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့်ဒေသများဖြစ်သည့် လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်တို့တွင် ရေဘေးသင့်ဒဏ်ကြောင့် ဒေသခံ ၅၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အကူအညီလိုအပ်နေသည့်ကျေးရွာများစွာ ရှိနေသေးကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ – လောင်းလုံးပကဖ