ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
စစ်တွေနှင့်ပေါက်တော (ဝီရဌာနီ) မြို့နယ်အကြား ငပြီကျွန်းကို အသေခံ ကမ်းတက်ဝင်ရောက်လာသည့် စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ငပြီကျွန်းသည် ပေါက်တော (ဝီရဌာနီ) မြို့နယ်အတွင်း ပါဝင်ပြီး ရွှေမင်းဂံ ရေတပ်စခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းထိုးရေယာဉ်တစ်စီးနှင့် တိုက်ရေယာဉ်တစ်စီးတို့က အင်အား ၂၀၀ ကျော်ဖြင့် ငပြီကျွန်းသို့ ကမ်းတက်နိုင်ရန် ကြိုးစားစဉ် အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
”Y12က ကင်းထောက်ပျံလိုက်၊ ကြဲလိုက်နဲ့ ပတ်နေတာပဲ။ သင်္ဘောတွေကလည်း အဝေးကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ရွှေမင်းဂံဘက်ကလည်း ပစ်ကူနေတယ်။ တိုက်ပွဲဖြစ်နေတုန်းပဲ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ကမ်းတက်လာစဉ် အာရက္ခတပ်တော်၏ ၁၀၅ မမ နှင့် ၁၂၂ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်တစ်စီးမှာ မီးခိုးထွက် နောက်ဆုတ်သွားခဲ့ရသည်။ သို့သော်လည်း အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စစ်တပ်က Y12 ထောက်ပို့လေယာဉ်များ၊ တိုက်လေယာဉ် ၁၀ စီးကျော်နှင့် စစ်သင်္ဘော ငါးစီးခန့်ဖြင့် ပစ်ကူပေးကာ အသေခံ ကမ်းတက်ရန်ကြိုးစားခဲ့ကြကြောင်း သိရသည်။
စစ်တပ်က လေယာဉ်အပါဝင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေပြီး ကမ်းတက်ရန် ကြိုးစားသည့် အောက်တိုဘာလ ၇ ရက်နှင့် အောက်တိုဘာလ ၈ ရက်နေ့ ကမ်းကပ်တိုက်ပွဲများအတွင်း စစ်တပ် အင်အား ထက်ဝက်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။