ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မျှစ်ဝါးတောင်ကျေးရွာရှိ မမြဆည်ရေလှောင်တမံ မြေသားပြိုကျမှုကြောင့် ဆည်ရေလျော့ချနေသဖြင့် ဒေသခံ လူဦးရေး တစ်ထောင်နီးပါးအရေးပေါ် ရွှေ့ပြောင်းနေကြကြောင်းသတင်းရရှိသည်။
မမြဆည်ရေလှောင်တမံဆည်ရေလျော့ကျရေးအတွက် သိုလှောင်ရေ ၃၁၅ ပေရှိရာမှ အရေးပေါ်ရေပိုလွှဲမှတဆင့် ဆည်ရေ ၁၀ ပေခန့်လျှော့ချနေခြင်းဖြစ်သည်။
အဆိုပါဆည်ရေပြည့်ရေလှောင်ပမာဏသည် ၇၁,၄၀၀ မှ ၇၁,၅၀၀ ဧကပေခန့်ရှိပြီး ကန်ရေပြည့်ရေမှတ်မှာ ၃၁၅ ပေရှိသည်။

မမြဆည်ရေလှောင်တမံသည် အောက်တိုဘာ ၇ ရက်တွင် တမံမျက်နှာပြင် ပေ ၉+ ၉၀၀ နှင့် ၁၀ + ၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ အကျယ် ၁ လက်မခန့်၊ အနက် ၆ လက်မခန့် မြေသားတာမံအက်ကြောင်းဖြစ်ပေါ်လာပြီးနောက် ယမန်နေ့ ( အောက်တိုဘာ ၉ ရက်) ညပိုင်းတွင် မြေသားပေ ၂၀၀ ခန့်ပြိုကျသွားခြင်းဖြစ်သည်။
ဆည်ရေလျော့ကျရန်အတွက် အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်မည်ဖြစ်၍ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ ဦးခန့်ကို ရေဘေးလွတ်ကုန်းမြင့်ဒေသသို့ရွေ့ပြောင်းနေကြောင်းသိရသည်။
“ မမြဆည်ညက မြေသားပြိုကျသွားတာ။ ညဘက်ကြီးဆိုတော့ ဒီလောက်ကြီး မြေသားတွေအများကြီးပြိုသွားမှန်းသွားမသိရဘူး။ မနက်သွားကြည့်မှ အများကြီးပြိုကျသွား မှန်းသိတယ်။ အဲဒီပြိုကျသွားတဲ့နေရာက လူတွေပြောင်းရွေ့နေကြတယ်။ အခုထိ ကူညီကယ်ဆယ်ရေးလာတာမတွေ့သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါရေပိုလွှဲမှလျော့ချမည့်ရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တဆင့် ငဝန်မြစ်ထဲအတွင်းသို့စီးဆင်းသွားမည်ဖြစ်ပြီး ရေစီးဆင်းမှုကောင်းမွန်စေရန်စက် ယန္တရားများဖြင့်တူးဖော်နေကြောင်းသိရသည်။
မမြဆည်ရေလှောင်တမံမှ ရေဆင်းလမ်းကြောင်း မီတာ ၅၀၀ အတွင်းရှိသောကျေးရွာ ကိုးရွာရှိကာ မျှစ်ဝါးတောင်၊ ဝင်္ကဘာ၊ ညောင်ခုံ၊ ကန်ပဲ့၊ ငါးဘတ်ကျ၊ စာနီစု၊ ရှမ်းကွင်း၊ မရွေးကုန်း၊ ရှမ်းတောကျေးရွာတို့ဖြစ်ပြီး ရေဆင်းလမ်းကြောင်းနှင့်အနီးဆုံးကျေးရွာများဖြစ်ကြောင်း Psc မြန်မာထံမှ သိရသည်။
လက်ရှိတွင်ဆည်တမံကျိုးပေါက်ခြင်းမဖြစ်ပေါ်သေးသော်လည်း မြေသားနိမ့်ကျမှုဖြစ်ပေါ်နေသဖြင့် ဆည်ဆောက်ပိုင်းရှိ ချောင်းကမ်းဘေးနေထိုင်သူများ၊ ချောင်းဆုံနေရာများနှင့် မြေနိမ့်ဒေသနေထိုင်သူများသတိပြုရန်လိုအပ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။
မမြရေလှောင်တမံသည် ရေလှောင်ပမာဏ (၇၁၄၀၀) ဧကပေ သိုလှောင်ထားရှိပြီး မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ နွေစပါး ဧက(၅၅၀၀) စိုက်ပျိုးရန် ရေပေးဝေနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်ရေကောတာကျိုးပေါက်မှုကြောင့် မြို့နယ် ငါးမြို့နယ်ရေကြီးရေလျှံမှုဖြစ်ပေါ်ရခြင်း၊ ညောင်တုန်းတာမြေသားပြိုကျမှုကြောင့် တာအနီးကျေးရွာထဲ ရေစိမ့်ဝင်များဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ – ရွေးတုအစိုးရ၊ လူမှုကွန်ရက်