ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ ငွန်းစိုင်ကျေးရွာကို ရွေးတုအစိုးတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးကာ နေအိမ် အများအပြား ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ကျင်ဒွေးဘက်ကို စစ်ကြောင်းထိုးတဲ့ချိန် လေကြောင်းကနေ အကာကွယ်ပေး တိုက်ခိုက်ပေးနေတာပါ။ ငွန်းစိုင်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာက မရှိသေးဘဲ ဗုံးကြသွားတာပါ ” ဟု ကျင်ဒွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အောက်တိုဘာ ၇ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရွေးတုအစိုးရတပ်၏ မကွေးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ လေးစီးဖြင့် ငွန်စိုင်းရွာနှင့် အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရွာထဲမှာ ဗုံးသီးနှစ်လုံး ကျပေါက်ကွဲတယ်။ နေအိမ်လည်း အတော်ပျက်စီးသွားတယ်။ လောလောဆယ် စစ်ရေးအခြေအနေကြောင့် ထိခိုက်မှုအခြေအနေ အသေးအစိတ် မသိရသေးပါဘူး”ဟု ကျင်ဒွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရွေးတုအစိုးရပ်တပ်သည် မဆာတွီကျေးရွာနှင့် ကျင်ဒွေးကြားရှိ ဥယာဥ်ခြံတစ်ခုကိုလည်း လေကြောင်း ကင်းထောက်ပြီးနောက် ဗုံးကြဲခဲ့ကြောင်းသိရသည်။