ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာတွင် ချင်းမိသားစုတစ်စု သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အသတ်ခံရသူများသည် ဦးဝင်းဦး၊ ဇနီးဖြစ်သူ ဒေါ်ဖြူသွယ်ဦး၊ ၎င်းမောင်ဖြစ်သူ ၂၀ အရွယ် မောင်စိုးလင်းထက်နှင့် တူဖြစ်သူ မောင်ဆန်းသူအောင်တို့ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ ညတွင် လက်နက်ကိုင်တစ်စုမှ နေအိမ်ထဲ ဝင်ရောက်ပြီး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ညဘက် ပစ်သတ်သွားတာပါ။ ရွာသားတွေက မနက်ကြမှဘဲ သိကြတာပါ။ အလောင်း တွေ့တဲ့ချိန်မှာ ရင်ဘက် နောက်စေ့ ခေါင်းတွေကို အနီးကပ် သေနတ်နဲ့ ပစ်သတ်သွားပုံပါ”လို့ ကျောက်အိုးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်သတ်ခံရသည့် မိသားစုသည် ရွေးတုအစိုးရတပ်၊ ပျူစောထီးတို့နှင့် ပတ်သက်မှုကြောင့် ပစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
“သူတို့က ရွာမှာဆိုရင် စစ်တပ်နဲ့ ပျူစောထီးတွေနဲ့ ပတ်သက်မှုတွေ ရှိပါတယ်။အသေးအစိတ် မသိရသေးဘူး”ဟု ကျောက်အိုးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်အိုးကျေးရွာသည် ချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး အဆိုပါ ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းကို မတွေ့ရသေးကြောင်း ဒေသခံများက ပြောသည်။