ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

ရိုဟင်ဂျာများအပေါ် ရွေးတုအစိုးရစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် စစ်တပ်အပါအဝင် ၎င်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများနှင့် အမျိုးသားရေးအုပ်စုများအကြား ကန့်ကွက်ထုတ်ပြန်ချက်များ ဆက်တိုက်ထွက်ပေါ်လာပြီး မြေပြင်တွင် ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ရန်အထိ အပြိုင်အဆိုင် လှုံ့ဆော်လာကြသည်။

လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၌ ကန့်ကွက်ရှုတ် ချပွဲတစ်ရပ်ကို စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ရိုဟင်ဂျာနှင့် ICJ တို့ကို အလိုမရှိကြောင်း ကြွေးကြော် သံများဖြင့် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ကြောင်း မဘသအဖွဲ့များ၏ ကြေညာချက်အရ သိရသည်။

ထို့အတူ နိုဝင်ဘာလ ၂၂ ရက်နေ့စွဲ၊ စာအမှတ် (၁/၂၀၂၆) ဖြင့် ဦးဝီရသူ ဦးဆောင်သည့် မြန်မာ့သွေးအဖွဲ့က အချက် ၁၂ ချက်ပါ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ICJ ၏ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးသည့် မည်သည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို အမျိုးသားသစ္စာဖောက်များအဖြစ် သတ်မှတ်သတိပေးကြောင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ICJ ၏ စီရင်ချက်သည် မတရားသော ဆုံးဖြတ်ချက်ဖြစ်ကြောင်းနှင့် စီရင်ချက်ချမှတ်ခဲ့သည့် တရားသူကြီး ကိုး ဦးကိုလည်း အဂတိလိုက်စားသူများအဖြစ် စွပ်စွဲရှုတ်ချ ထားသည်။ ထို့အပြင် ယခုဖြစ်ရပ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းနှင့် ရခိုင်ပြည်နယ်ကို ရယူရန် ကျူးကျော်စစ်ဆင်နွှဲနေခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး နိုင်ငံသားအားလုံး အနေဖြင့် သွေးအေးမနေဘဲ ဇာတိသွေးဇာတိမာန် ပြသကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

အလားတူ ရွေးတုအစိုးရစစ်တပ်ကိုယ်တိုင်ကလည်း ICJ ၏ စီရင်ချက်သည် တရားမျှတမှုမရှိကြောင်း ထုတ်ပြန်ထားသကဲ့သို့ စစ်တပ်လက်အောက်ခံ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကလည်း ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရွေးတုအစိုးရ လက်ဝေခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကလည်း အဓိကအကြောင်းပြချက် ၃ ခုဖြင့် ICJ ၏ စီရင်ချက်ကို ရှုတ်ချကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိဘဲ ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် စစ်ဆင်ရေးကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ချမှတ်ခဲ့သော ICJ ၏ ကြားဖြတ်အမိန့်များကို လိုက်နာဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အပြီးသတ်စီရင်ချက် ချမှတ်ရာတွင် တရားသူကြီး ၁၅ ဦးအနက် ကိုး ဦးကသာ ထောက်ခံပြီး ခြောက် ဦးက ကန့်ကွက်ခဲ့သဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း ဆိုထားသည်။

ပုံစာ-စစ်တပ်ကို ထောက်ခံသည့် မဘသ အုပ်စုများ (ပုံဟောင်း)