ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ရက်
ရွေးတုအစိုးရစစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း အဓိကဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော်-ကျောက်တန်း-စပ္ပယ်နံသာ လမ်းကြောင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နိုဝင်ဘာလလယ်မှစ၍ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းများသည် နိုဝင်ဘာ ၁၅ ရက်တွင် သင်တောနှင့် ဥတုံးပင်ကျေးရွာများအထိ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ ရက်တွင် ကံကြီး (အရှေ့) နှင့် ကံကြီး (အနောက်) ကျေးရွာများ၊ နိုဝင်ဘာ ၁၇ ရက်တွင် ချပ်သင်း၊ ပုဏ္ဏားငယ်၊ တောင်ပုံနှင့် ဟင်းသော်ကျေးရွာများ၊ နိုဝင်ဘာ ၁၈ ရက်တွင် လှည်းဘွဲ့နှင့် အုန်းခြောက်လုံးတဲစုကျေးရွာများကို ဆက်လက်ထိန်းချုပ် နိုင်ခဲ့ကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်တွင် စစ်တပ်က ထုတ်ပြန်ထားသည်။

ရွေးတုအစိုးရစစ်တပ်သည် နိုဝင်ဘာ ၁၉ ရက်တွင် ချပ်ကြီးနှင့် ပန်းခုံသာကျေးရွာများကို သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင် ကျွန်းလှမြို့မှတစ်ဆင့် ကန့်ဘလူမြို့သို့ ရောက်ရှိခဲ့ရာ အင်းတော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
”ကန့်ဘလူနယ် အရှေ့မြောက်ဘက်ခြမ်း ဆယ့်တစ်ပေါက်ကျေးရွာမှာ ဝပ်ကျင်းချခဲ့ကြတဲ့ စစ်ကြောင်း ဟာ တောင်အရပ်သို့ ဦးတည်လှုပ်ရှားနေပြီး စစ်ကြောင်း ရှေ့ဆုံးပွိုင့်ဟာလွှဆိပ် ကျေးရွာ အတွင်း စတင်ဝင်ရောက်နေကြောင်း မြေပြင်သတင်းများအရ သိရပါတယ်” ဟု people’s defense comrade အဖွဲ့က အသိပေးထားသည်။


အင်းတော်-ကျောက်တန်း-စပ္ပယ်နံသာ လမ်းကြောင်းကိုလည်း အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ တိုက်ပွဲကြီး/ငယ် စုစုပေါင်း ၅၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်တပ်လက်အောက်ခံ မီးဒီယာများတွင် ဖော်ပြထားသည်။
အလားတူ စစ်ကိုင်းတိုင်း အင်းတော် မဲဇာကျေးရွာဘက်မှ စတင်ထွက်ခွာလာသည့် တပ်မ (၃၃) စစ်ကြောင်းများသည် ကန့်ဘလူအခြေစိုက် သကရ ၆၀၀၆ (သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း) အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ကန့်ဘလူတောင်ဘက်သို့ ဆက်လက်ထိုးစစ်ဆင်လာနိုင်ခြေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ထားသည်။
အခြားတစ်ဖက်တွင် အနောက်မြောက်ပိုင်း စစ်ဌာန (မုံရွာ-နမခ) မှ ထွက်ခွာလာသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် ဘုတလင်မြို့နယ် နှောပင်ရိုးကျေးရွာတွင် ယာယီအခြေပြု နေထိုင်လျက်ရှိသည်။ ထို့အပြင် ဆားတောင်ဘက်မှ စစ်တပ်သို့ ဘက်ပြောင်းသွားသည့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၃၂ ဦးအနက် ၂၄ ဦးကို စစ်အခြေခံသင် တန်းပေးပြီး ပျူစောထီးအဖွဲ့အဖြစ် ဖွဲ့စည်းပေး ခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ပျူစောထီးအဖွဲ့ကို တပ်မ (၃၃) ဒုတပ်မမှူး ကျော်မင်းထွန်းက တိုက်ရိုက်ကွပ်ကဲနေခြင်းဖြစ်ပြီး စစ်ကိုင်းမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးသည့် ဆားတောင်ကဲ့သို့ မြို့ငယ်အတွက် နှစ်ဒါဇင်ခန့်အင်အားမှာ ဒေသတစ်ခုလုံးကို စိုးမိုးနိုင်စွမ်းမရှိသော်လည်း ရှေ့ကာကွယ်ရေး တပ်တစ်ခုအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း စစ်ရေးအရင်းအမြစ်က ဆိုသည်။