ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တောတောင်များနှင့် ဥယျာဉ်ခြံများအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ဘေးရှောင် ၆,၀၀၀ ကျော်အကြား ရာသီတုပ်ကွေးနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာ ပို့ဆောင်ရေးလမ်းကြောင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ဒေသခံပြည်သူ ၆,၀၀၀ ကျော်မှာ ဘေးလွတ်ရာ တောတောင်များနှင့် ဥယျာဉ်ခြံများတွင် နေထိုင်နေရသည်မှာ ၆ လခန့် ကြာမြင့်နေပြီ ဖြစ်သည်။

“စစ်ဘေးရှောင်တွေ တုပ်ကွေးနဲ့ ဝမ်းရောဂါတွေ အတော်လေး ဖြစ်ကြတယ်။ ဖြစ်နေတာ နှစ်လ၊ သုံးလလောက် ရှိပြီ။ ရောဂါဖြစ်ပွားတဲ့ လူဦးရေ အတိအကျတော့ မသိရဘူး။ တချို့က ဥယျာဉ်ခြံတွေမှာ နေကြသလို တချို့ကလည်း တောထဲမှာပဲ ဖြစ်သလို နေထိုင်နေကြရတယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရွှေအောင်သာကျေးရွာကို ရွေးတုအစိုးရစစ်တပ်က ထိန်းချုပ်တပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြတ်တောက်နေကြောင်း သိရသည်။

“ချင်းနဲ့ ဆောမြို့နယ်အစပ်က ရွှေအောင်သာရွာမှာ ရွေးတုအစိုးရစစ်တပ်က စခန်းထိုင်ထားတော့ အဲဒီလမ်းကြောင်းကနေ ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူလို့ မရတော့ဘူး။ အဲဒါကြောင့် အခုလို ဆေးဝါးပြတ်လပ်ပြီး အခက်အခဲတွေ ပိုဖြစ်နေတာပါ” ဟု ကန်ပက်လက်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်လည်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နယ်ခွဲဘက်တွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သဖြင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေရပ်ပြန်နိုင်ခြင်း မရှိသေးဘဲ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။
ပုံစာ-ကန်ပက်လက်မြို့နယ်တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို တွေ့ရစဥ်(ပုံဟောင်း)