‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၉ ရက်
‎
‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော စနဲမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် စစ်တပ်က အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်း နှစ် ကြောင်းဖြင့် ယခု အောက်တိုဘာလအတွင်း ထိုးစစ်ဆင်ခဲ့သည်။
‎
‎အဆိုပါ စစ်ကြောင်းသည် ကျောက်ဖြူမြို့နယ်ရှိ စစ်တပ်၏ ဒုတိယအကြီးဆုံး ရေတပ်စခန်းဖြစ်သည့် တောင်မော်ဦး ရေတပ်စခန်းမှတစ်ဆင့် စနဲမြို့ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး အာရက္ခတပ်တော် (AA) က ပြောက်ကျားစစ်ဗျူဟာဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။
‎
‎”ပြီးခဲ့တဲ့ တစ်ပတ်က တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တယ် လေယာဉ်ပေါင်းစုံနဲ့ကို ပစ်ကူယူခဲ့တာကိုတွေ့ရတယ်။ ၂ရက်နေ့က လက်နက်ချသူတွေပါရှိတယ်လို့သိရတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
‎စစ်တပ်သည် စက်တင်ဘာ ၄ ရက်နှင့် စက်တင်ဘာ ၂၈ ရက်တို့တွင်လည်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ထိခိုက်‌သေဆုံးမှုများရှိခဲ့သဖြင့် စစ်ကြောင်းများ ပြန်ဆုတ်သွားခဲ့ရသည်။ အောက်တိုဘာ ၂ရက်နေ့တိုက်ပွဲတွင်လည်း တောင်မော်ဦးရေတပ်အနီးထိ AAထိုးစစ်ကပ်လာပြီး ရေတပ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ထားနိုင်ခဲ့သည်။
‎
‎ပြီးခဲ့သည့် အောက်တိုဘာ ၃ရက်နေ့တွင်မူ တောင်မော်ဦးရေတပ်အတွင်းကို စစ်ရေယာဉ် နှစ်စီးဖြင့် အင်အားဖြည့်ခဲ့ပြီး အပြန်တွင် လက်ကျန်တပ်မိသားစုများကိုပါ ရွှေ့ပြောင်းပေးရန် ခေါ်ယူသွားကြောင်း သိရသည်။
‎
‎ထို့နောက် အောက်တိုဘာ ၄ ရက်တွင် စစ်တပ်က ထပ်မံထိုးစစ်ဆင်လာရာ AA ဘက်က အင်အားအမြောက်အမြားဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း ရေတပ်စခန်းနှင့် သုံးမိုင်ခန့်အကွာရှိ အဝတောင်ကျေးရွာနှင့် ဒွေးချကျေးရွာကြားတွင် စစ်တပ်က တပ်စွဲထားသည့် ယာယီကာကင်းစခန်းကုန်း နှစ် ခု အပါအဝင် အဝတောင် ကာကင်းစခန်းနှင့် တောင်မော်ဦး ရေတပ်စခန်း ဝင်ပေါက်လမ်းပေါ်ရှိ ကာကင်းစခန်းများကို AA က သိမ်းပိုက်ရရှိခဲ့သည်။
‎
‎စစ်တပ်ဘက်က လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ကာကင်းစခန်း အများအပြားကို လက်လွှတ်ခဲ့ရပြီး လက်ရှိတွင် AA သည် တောင်မော်ဦး ရေတပ်စခန်းကို ဦးတည်ကာ ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။